


သက်တံ့
၁၈. ၄. ၂၀၂၆
သံဃာနှင့် လူ စုစုပေါင်း ၁၉ ဦး လိုက်ပါလာသည့် ဟိုက်ဂျက်ယာဥ်နှင့် ခရီးသည်တင်ယာဥ် တိုက်မိရာမှ ကိုရင်နှင့် သံဃာ ၆ ပါး ပျံလွန်သည့်အပြင် အမျိုးသားသုံးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရမှု သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်တွင် ယနေ့ ညနေစောင်းက ဖြစ်ပွားခဲ့သည်ဟု ကနဦးသိရသည်။
ဖြစ်စဥ်မှာ ယနေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅)တွင် ခရီးသည်တင်ယာဉ်နှင့် ဟိုက်ဂျက်ယာဉ်တိုက်မိမှုဖြစ်ပွားမှုကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်ပါ စုစုပေါင်း(၁၉)ဦးအနက် သံဃာ(၅)ပါးနှင့် ကိုရင်(၁)ပါး ပျံလွန်တော်မူသည့်အပြင် အမျိုးသား (၃)ဦး သေဆုံးခဲ့သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ သံဃာ (၇)ပါးနှင့် အမျိုးသား(၃)ဦး(မစိုးရိမ်ရ)တို့အား အကြင်နာတွဲလက်လူမှုကူညီရေးအသင်း၊ ပီတိနှလုံးသားလူမှုကူညီရေးအသင်း၊ နှလုံးသားလှလူမှုကူညီရေးအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ သင်္ခါရလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် သထုံပြည်သူ့ဆေးရုံနှင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကို အထက်ပါ ပရဟိတအဖွဲ့များအပြင် သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရကြောင်းနှင့် ခရီးသည်တင်ယာဉ်ပေါ် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
