◾️လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မိဘပြည်သူများအားလုံးက နိုင်ငံတော် ငြိမ်းချမ်းသာယာရေးကို အလေးထားဆောင်ရွက်ပေးကြရန်ပါ တိုက်တွန်း မှာကြား
၁၇. ၄.. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော် ရှေ့ဆက်ရမည့်ခရီးတွင် နိုင်ငံတာ်တည်ငြိမ်အေးချမ်းရေးသည် အဓိကကျသောကြောင့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲများ အမြန်ချုပ်ငြိမ်းပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြရန် လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် တိုက်တွန်းမှာကြားသည်။
“ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများရှင့် …. “၂၀၂၆ ခုနှစ် မြန်မာနှစ်သစ်ကူးအခါသမယတွင် မိဘပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားသည်။
ထို့အတူ ယခုအချိန်တွင် မြန်မာနိုင်ငံတော်ကြီးသည် ပြည်သူများ လိုလားတောင့်တချက်နှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိပြီး နိုင်ငံတော်သစ်ကြီးကို စတင်တည်ဆောက် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားသည်။
ထို့ကြောင့် နိုင်ငံတော်သစ်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ထာဝရ ငြိမ်းချမ်းရေးတို့ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်သွားကြရန် လိုအပ်ကြောင်းလည်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားသည်။
“နိုင်ငံတော်ရှေ့ဆက်ရမယ့် ခရီးကိစ္စအဝဝအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးဟာ အဓိကကျပါတယ်။ ဒါ့ကြောင့် ဒီနေ့ ကျွန်မတို့ ကြုံတွေ့နေရတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ မိဘပြည်သူများအားလုံးက နိုင်ငံတော် ငြိမ်းချမ်းသာယာရေးကို အလေးထားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်” ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားသည်။
ဆက်လက်ပြီး ပြည်သူများ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အတူတကွ လက်တွဲတည်ဆောက်ကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုကြောင်း၊ ငြိမ်းချမ်းသာယာသည့် လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ပြီး ပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ဆက်လက် ပြောကြားသည်။
ထို့ကြောင့် မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် စည်းလုံးညီညွတ်သော အင်အား၊ ပြည်ထောင်စုစိတ်ဓာတ်တို့နှင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ပေးကြပါ၊ နိုင်ငံနှင့် လူမျိုးအကျိုးကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးကြပါကြောင်း တိုက်တွန်းကြောင်းနှင့် အားလုံး နှစ်သစ်ကစပြီး ဘဝတစ်လျှောက်လုံး ရွှင်လန်းချမ်းမြေ့ကြပါစေ၊ အေးချမ်းသာယာ ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားသည်။
