၁၇. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုကြီး ရှေ့ဆက်ရမည့်ခရီးလမ်း သာယာအောင်မြင်စေရန် တိုင်းရင်းသား ပြည်သူအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များကို မြှင့်တင်ပြီး စုပေါင်းအင်အားနှင့် အကောင်အထည်ဖော် တည်ဆောက်သွားကြရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောက ယနေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာတွင် တိုက်တွန်းပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး မြန်မာ့နှစ်သစ်ကူး အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါကြောင်း ဒုတိယသမ္မတ ဦးညိုစောက ပြောကြားသည်။
ထို့အပြင် ယခုနှစ် နှစ်သစ်ကူးကာလမှာ နိုင်ငံသားအားလုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြန်လည်ကူးပြောင်း စတင်လျှောက်လှမ်းနေသည့်အချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့် ယမန်နှစ်များထက် ပိုမိုထူးခြားလေးနက်ပြီး မင်္ဂလာကျက်သရေ ပိုမိုပြည့်ဝလျက်ရှိပါကြောင်းလည်း ဒုတိယသမ္မတ ဦးညိုစောက ပြောကြားသည်။
ထို့ကြောင့် “နှစ်သစ်မှာ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ဆန္ဒနဲ့အညီ ထာဝရငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကျွန်တော်တို့အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများရဲ့ လူမှုစီးပွားဘဝများ အဘက်ဘက်က မြင့်မားတိုးတက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးညိုစောက ပြောကြားသည်။
ထို့ပြင် “ပြည်ထောင်စုကြီးရဲ့ ရှေ့ဆက်ရမယ့် ခရီးလမ်းဖြောင့်ဖြူး သာယာအောင်မြင်စေဖို ကျွန်တော်တို တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ အပြန်အလှန် တန်ဖိုးထားလေးစားမှု၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တွေကို မြှင့်တင်ပြီး စုပေါင်းအင်အားနဲ့ အကောင်အထည်ဖော်တည်ဆောက်သွားကြပါစိုလို့ ဆန္ဒပြုတိုက်တွန်းအပ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးညိုစောက ဆက်လက် ပြောကြားသည်။
အလားတူ ယခုနှစ်သစ်မှစပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် နိုင်ငံနှင့် ပြည်သူတို့ကို အကျိုးပြုနိုင်သူများဖြစ်ကြပါစေ၊ အေးချမ်းသာယာစွာနဲ့ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်ဟုလည်း ဒုတိယသမ္မတ ဦးညိုစောက ဆုမွန်ကောင်းတောင်းသည်။
