◾️ သေဒဏ်အစား ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်နှင့် ထောင်ဒဏ် နှစ် ၄၀ အစား ထောင်ဒဏ် နှစ် ၄၀ နှင့် ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံနေရသူများကို ပြစ်ဒဏ်ခြောက်ပုံတစ်ပုံ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု



၁၇. ၄. ၂၀၂၆
Written by Nyein Kyaw
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၄,၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (ခရစ်နှစ် ၂ဝ၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်) မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ယင်းတို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၃၉/၂၀၂၆) ဖြင့် ထုတ်ပြန်လိုက်သည်။
ထို့သို့ ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲကျခံစေရန်၊ ထောင်ဒဏ်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် (ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲထားသူများမပါ)၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ ပြောင်းလဲကျခံစေရန်နှင့် ထောင်ဒဏ်နှစ် ၄၀ နှင့် အောက်ကျခံနေရသူများကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန်တို့ ဖြစ်သည်။
ထို့အတူ နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၄,၃၃၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၄၀/၂၀၂၆) ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၄၁/၂၀၂၆) ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
