
၁၆.၄.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံရဲ့ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာကို မရုပ်သိမ်းဘူးဆိုရင် ပင်လယ်နီဒေသကုန်သွယ်ရေး အပြီးရပ်ဆိုင်းသွားစေရမယ်လို့ အီရန်စစ်တပ်က ခြိမ်းခြောက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကလည်း အန္တရာယ်ရှိလာမှာဖြစ်တယ်လို့ ဧပြီ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ဒ် ထရမ့်ပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အခုအပတ်မှာ ပြန်လည် စတင်နိုင်တယ်လို့ ပြောခဲ့ပြီးနောက်မှာ အခုလိုခြိမ်းခြောက်သတိပေးချက်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပထမအကျော့ ဆွေးနွေးပွဲတွေ မအောင်မြင်ပြီးနောက် နှစ်ဖက်စလုံးဟာ ပါကစ္စတန်မှတစ်ဆင့် ဆက်လက်ဆွေးနွေးနေတယ်ဆိုတာ အီရန်ကလည်း အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အထိ နှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲတွေကို ဦးဆောင်ခဲ့တဲ့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က အီရန်နိုင်ငံအား ခြောက်ပတ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ဆယ်စုနှစ်များစွာကြာပြီဖြစ်တဲ့ အီရန် နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ အငြင်းပွားမှုကို ဖြေရှင်းဖို့ ကြီးကျယ်တဲ့ အပေးအယူ သဘောတူညီမှု တစ်ရပ် ကမ်းလှမ်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေအရတော့ နှစ်ဖက်စလုံးက ဖိအားပေးမှုကို ဆက်လက်ထိန်းသိမ်းထားကြဖို့ ရည်ရွယ်ထားကြပုံရပါတယ်။
အမေရိကန်အစိုးရက အီရန်နိုင်ငံရဲ့ဆိပ်ကမ်းတွေကို ပိတ်ဆို့ပြီး အီရန်အစိုးရအပေါ် ဖိအားများ ကျရောက်စေဖို့ ကြိုးပမ်းနေကာ အမေရိကန်ဗဟိုစစ်တိုင်းဌာနချုပ်ကလည်း အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်နိုင်ငံကို ပင်လယ်ပြင်မှ ဝင်ရောက်ထွက်ခွာတဲ့ စီးပွားရေးကုန်သွယ်မှုကို လုံးဝရပ်တန့်လိုက်ပြီလို့ ညတွင်းချင်း ပြောကြားခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားရှိ မကြာသေးမီက ရေကြောင်းခြေရာခံအချက်အလက်ဒေတာတွေအပေါ် အခြေခံတဲ့ ပုံရိပ်ဟာ ရှင်းလင်းပြတ်သားမှု နည်းပါးပြီး အီရန်ရဲ့ Tasnim သတင်းဌာနက ဧပြီလ ၁၅ ရက် မှာ အီရန်နိုင်ငံတောင်ပိုင်းမှ သင်္ဘောတွေ ဆက်လက်သွားလာနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ သို့သော် အီရန်စစ်ဘက်ဗဟိုကွပ်ကဲရေးဌာနရဲ့ အကြီးအကဲက အမေရိကန်ရဲ့ ပိတ်ဆို့မှုကို မရုပ်သိမ်းပါက နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ဖို့ အစပျိုးမှုပဲလို့ သတိပေးခဲ့ပါတယ်။
တကယ်လို့ အမေရိကန်က အီရန်ဆိပ်ကမ်းတွေကိုပိတ်ဆို့ထားတာကို ပြန်ဖွင့်ပေးဖို့ မလိုက်လျောရင် အီရန် လက်နက်ကိုင်တပ်ဖွဲ့တွေက ပါရှန်းပင်လယ်ကွေ့၊ အိုမန်ပင်လယ်နဲ့ ပင်လယ်နီတို့မှာ ဘယ်လို ပို့ကုန် ဒါမှမဟုတ် သွင်းကုန်တွေကိုမှ ဆက်လက်ခွင့်ပြုမှာမဟုတ်ဘူး လို့ အီရန်စစ်ဘက်အရာရှိတစ်ဦး ဖြစ်တဲ့ အလီ အဗ္ဗဒိုလာဟီက ပြောကြားခဲ့ပါတယ်။
Ref- CNA
