
၁၄.၄.၂၀၂၆်
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ဆွေးနွေးပွဲမှာ တစ်စုံတစ်ရာ သဘောတူညီချက်မရဘဲ ပျက်ပြားခဲ့ရပြီးနောက်မှာတော့ အမေရိကန်ရေတပ်က ဟော်မုဇ်ရေလက်ကြားကို ဧပြီလ ၁၃ ရက်က ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေကို နိုင်ငံအားလုံးမှ သင်္ဘောတွေ ဝင်ရောက်တာ ဒါမှမဟုတ် ထွက်ခွာတာတွေပြုဖို့ ဖြတ်သန်းသွားလာမှုကို ရပ်တန်ဖို့အတွက် ရေလက်ကြားလမ်းကြောင်းကို စတင် ပိတ်ဆို့ခဲ့တာပါပဲ။
ခြေရာခံအချက်အလက်တွေအရ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားနေတဲ့ သင်္ဘောနှစ်စင်းကို ဧပြီလ ၁၃ ရက်က ဖြတ်သန်းခွင့်မပေးဘဲ ငြင်းပယ်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အမေရိကန်ရေတပ်သင်္ဘောတွေနား ချဉ်းကပ်လာတဲ့ ဘယ်သင်္ဘောကိုမဆို ချက်ချင်း ဖယ်ရှားပစ်မယ်လို့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။
အွန်လိုင်းသင်္ဘောခြေရာခံကိရိယာ MarinaTraffic မှ အချက်အလက်တွေအရ ဧပြီလ ၁၃ ရက်မှာ ဒူဘိုင်းကမ်းလွန်၊ ရှာဂျာကမ်းရိုးတန်းမှာ ကျောက်ချရပ်နားရာနေရာမှ ထွက်ခွာကာ တရုတ်နိုင်ငံကို ဦးတည်နေတဲ့ Rich Starry ရေနံတင်သင်္ဘောဟာ ရေလက်ကြားကို ချဉ်းကပ်ပြီး မိနစ်အနည်းငယ်အကြာမှာ ပြန်လှည့်သွားခဲ့ရတယ်လို့ သိရပါတယ်။
ဒုတိယသင်္ဘောဖြစ်တဲ့ Ostria ဟာလည်း ရေလက်ကြားကို ဖြတ်သန်းခွင့်မရဘဲ ပြန်လှည့်သွားခဲ့ရပုံ ရပါတယ်။ ရေနံတင်သင်္ဘောနှစ်စင်းစလုံးဟာ ရေနံနဲ့ ဓာတုပစ္စည်းတွေကို သယ်ဆောင်နိုင်တဲ့သင်္ဘောတွေပါ။
အမေရိကန်က ပိတ်ဆို့မှုကို အိုမန်ပင်လယ်ကွေ့နဲ့ အာရေဗျပင်လယ်အထိ အရှေ့ဘက်ကို တိုးချဲ့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အစားအသောက်၊ဆေးဝါးပစ္စည်းတွေနဲ့ အခြားအရေးကြီးတဲ့ ကုန်ပစ္စည်းတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တင်ပို့မှုတွေကို စစ်ဆေးခြင်း အပေါ် မူတည်ပြီး ခွင့်ပြုမယ်လို့ အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံ သယ်ယူပို့ဆောင်ဖို့အတွက် အသုံးပြုနေတာပါ။ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်ပြီးနောက် အီရန်က ဟောမုဇ်ရေလက်ကြားကို ထိရောက်စွာ ပိတ်ထားခဲ့တဲ့အတွက် ကမ္ဘာကြီးကို စွမ်းအင်အကျပ်အတည်းထဲကို ကျရောက်စေခဲ့တာပါပဲ။
Ref-The Interpret
