
၁၄.၄.၂၀၂၆်
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ပတ္တရားကမ်းရိုးတန်းရှိ လူကြိုက်များတဲ့ ခိုလန်ခရီးသွားကျွန်းက ကျောက်ဆောင်တစ်ခုအောက်ခြေမှာ ကျောက်ဆောင်ပေါ်ကပြုတ်ကျတယ်လို့ ယူဆရတဲ့ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးသေဆုံးနေတာကို ဧပြီလ ၁၃ ရက် မွန်းလွဲပိုင်းက တွေ့ခဲ့ရပါတယ်။
ပတ္တရားမြို့ ရဲစခန်းမှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး ရဲမှူးကြီး ခရီယန်ခရေ ကောဖီပေါ့က ကျွန်းရဲ့တောင်ဘက်ရှိဖာရက်ကျောက်ဆောင်အနီးက လေယာဉ်ပေါ်မှလေထီးနဲ့ခုန်ဆင်းပျံသန်းတဲ့ အားကစားပြုလုပ်တဲ့နေရာမှာ ညနေ ၄ နာရီလောက်က အလောင်းတစ်လောင်းတွေ့ခဲ့တာလို့ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ၊ မှုခင်းဆိုင်ရာအရာရှိတွေ၊ ဆရာဝန်တစ်ဦးနဲ့ Sawang Boriboon Thammasathan Foundation ဟာ ကယ်ဆယ်ရေးသမားတွေကို အခင်းဖြစ်ပွားရာနေရာဆီ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ဖောင်ဒေးရှင်းရဲ့ ရေကယ်ဆယ်ရေးဌာန အကြီးအကဲ ဆူသီပေါင် ဘန်မာချိုင်း ယက ထိုဒေသရှိ လေထီးစီးသူတွေက အနံ့ဆိုးတစ်ခု ရရှိလို့ သတင်းပို့ခဲ့ကြတယ်လို့သိရပါတယ်။ ဒါကြောင့် သူတို့က ကျောက်ဆောင်မှ အောက်ကိုငုံ့ကြည့်တာမှာ အလောင်းကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွံ့ကို ချက်ချင်း အကြောင်းကြားခဲ့ကြတာပါ။
သေဆုံးသူက အနက်ရောင်တီရှပ်၊ အနက်ရောင်ဂျင်းဘောင်းဘီနဲ့ အဖြူရောင်ဖိနပ်တွေ ဝတ်ဆင်ထားပြီး မျက်နှာမှောက်လျက် လဲလျောင်းသေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ အာဏာပိုင်တွေ က သေဆုံးမှုဟာ အနည်းဆုံး ၇၂ နာရီကြာပြီလို့ ခန့်မှန်းထားတယ်ဆိုတာ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
မတ်စောက်တဲ့ မြေပြင်အနေအထားကြောင့် ကယ်ဆယ်ရေးလုပ်သားတွေဟာ အလောင်းကို ပြန်လည်ရရှိဖို့ ကြိုးများကို အသုံးပြုလို့ ကျောက်ဆောင်အောက်သို့ ဆင်းသက်ခဲ့ရပြီး တစ်နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။
အလောင်းကလည်း ပုပ်သိုးဆွေးမြည့်လုနီးပါး အခြေအနေမှာ ရှိနေလို့ သေဆုံးရတာရဲ့ အကြောင်းရင်းကို ကနဦးစစ်ဆေးမှုအရ မဆုံးဖြတ်နိုင်ခဲ့ပါဘူး။ အလောင်းကို ဘန်ကောက်မြို့ရှိ ရဲအထွေထွေဆေးရုံရှိ မှုခင်းဆေးပညာဌာနသို့ ရင်ခွဲစစ်ဆေးမှုအတွက် ပို့ဆောင်မယ်လို့သိရပါတယ်။
ကျောက်ဆောင်ထိပ်မှာ ရဲတပ်ဖွဲ့ဝင်တွေက အပူစောင်တစ်ထည်၊ မိုဘိုင်းဖုန်းတစ်လုံး၊ စမတ်နာရီ တစ်လုံး၊ အိပ်ဆေးဘူးနှစ်ဘူးနဲ့ သေဆုံးသူဟာ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်တယ်လို့ ဖော်ပြထားတဲ့ နိုင်ငံကူးလက်မှတ်တစ်ခုပါတဲ့ အနက်ရောင်အိတ်တစ်လုံးကို တွေ့ရှိခဲ့ကြပါတယ်။ သေဆုံးသူရဲ့ ဆွေမျိုးတွေဆီကို အကြောင်းကြားမှုမပြုလုပ်မီ သူ့ရဲ့အမည်ကို ထုတ်ဖော်ပြောကြားမှု မပြုသေးပါဘူး။
ထိုသူဟာ ကျောက်ဆောင်အစွန်းအနီးမှာ အနားယူနေခဲ့ပြီး ချော်လဲသေဆုံးသွားခြင်းဖြစ်နိုင်တယ် လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြပါတယ်။
ဒါပေမယ့် မှုခင်းဆိုင်ရာ ရလဒ်တွေ ရရှိပြီးနောက်မှ သေဆုံးရမှုရဲ့ တိကျတဲ့ အကြောင်းရင်းကို အတည်ပြုမယ်လို့ ရဲအရာရှိတွေက ပြောကြားခဲ့ပါတယ်။
Ref- Bangkok Post
