
၁၄. ၄. ၂၀၂၆
Translated by Thettant
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်တွင် ယမန်နေ့(ဧပြီ ၁၃ ရက်) က ဖြစ်ပွားခဲ့သော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုအတွင်း ကူကီးအမျိုးသားတပ်မတော်-မြန်မာ (KNA-B) မှ တပ်ဖွဲ့ဝင်များဟု ယူဆရသူ ၄ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
၎င်းတို့သည် အိန္ဒိယလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) အဖွဲ့ဝင်များဟု ယူဆရသူများနှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း သေဆုံးရခြင်း ဖြစ်သည်။
ခိုင်လုံသော သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါဖြစ်စဉ်သည် မဏိပူရ်ပြည်နယ်၊ ကမ်ဂျောင်ခရိုင်ရှိ အာရှန်ခူလန်ရွာ (Ashang Khullen KAKA) နှင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ ဖိုင်ယန် (Phaiyang) ကျေးရွာတို့အကြားတွင် ဧပြီ ၁၃ ရက် နံနက် ၉ နာရီမှ ၁၀ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
NSCN-IM အဖွဲ့သည် သေဆုံးသူများထံမှ လက်နက်နှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသော်လည်း ဤသတင်းကို တင်ပြသည့်အချိန်အထိ သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးပေ။
ကမ်ဂျောင်ခရိုင်အတွင်းရှိ နမ်လီ (Namlee)၊ ဝမ်လီ (Wanglee)၊ အာရှန်ခူလန် (Ashang Khullen)၊ ချိုရို (Choro) နှင့် အခြားသော ကျေးရွာအများစုသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသလို Kuki National Army–Burma (KNA-B) သည် မြန်မာနိုင်ငံအတွင်းရှိ ကူကီး (Kuki) လူမျိုးများအား ကိုယ်စားပြုသည့်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကူကီးလူမျိုးများ အခွင့်အရေး၊ လုံခြုံရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကာကွယ်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ကာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့် မြန်မာ နယ်စပ်၊ ချင်းနှင့် စစ်ကိုင်းတိုင်းအတွင်း အဓိက အခြချလှုပ်ရှားသည့်အဖွဲ့အစည်းဖြစ်သည်။
Ref – Ukhrul Times
