

နေမိုး
၁၃. ၄. ၂၀၂၆
အမျိုးသားသုံးဦး လိုက်ပါလာသည့် ထော်လာဂျီယာဥ်ကို PDF ခုနစ်ဦးက တားဆီးကာ သုံးဦးစလုံးကို ပစ်သတ်သဖြင့် နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသည့်အပြင် ယာဥ်၊ အသံချဲ့စက်နှင့် ဖုန်းများပါ လုယက်သွားမှု နတ်မောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုပ်ကျေးရွာနေသူများဖြစ်သည့် ကိုအေးဇော် (၂၆)နှစ်၊ ကိုအောင်ဌေးလွင်(၂၆)နှစ်နှင့် မောင်ဝေယံဖြိုး(၁၇)နှစ်တို့သည် ဂွေးချောင်းကျေးရွာမှ ပိတောက်ငုပ်ကျေးရွာသို့ နတ်မောက်-ဝက်ချုပ်-ဂွေးကုန်းသွားကားလမ်းအတိုင်း ထော်လာဂျီယာဉ်ဖြင့် ပြန်လာစဉ် ဂွေးချောင်းကျေးရွာလမ်းခွဲရှိ ဇရပ်အနီးအရောက်၌ PDF ခုနစ်ဦးခန့်က ယာဉ်အား ရပ်တန့်ခိုင်းခဲ့ပြီး ဝိုင်းဝန်းရိုက်နှက်၍ သေနတ်ဖြင့် ပစ်ခတ်ကာ ထော်လာဂျီယာဉ်၊ ယာဉ်ပေါ်ပါ အသံချဲ့စက်ဖွင့်သည့် စက်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း သုံးလုံး တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ကိုအေးဇော်နှင့် ကိုအောင်ဌေးလွင်တို့တွင် ကျည်ထိမှန် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး မောင်ဝေယံဖြိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
