◾ သင်္ကြန်၏ အနှစ်သာရက ပိုမိုကောင်းမွန်သော မနက်ဖြန်များရှိကြောင်း သတိပေးနေသည့်အတိုင်း မြန်မာပြည်သူများအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နှင့် လာမည့်နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များ ရရှိစေကြောင်းပါ ဆုမွန်လွှာတွင် ဖော်ပြ





သတိုး
၁၃. ၄. ၂၀၂၆
ပြီးခဲ့သည့် ဧပြီ ၁၀ ရက်တွင်မှ ဦးမင်းအောင်လှိုင်အစိုးရသစ် ကတိသစ္စာပြုထားသည့် မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့်ရန် မြန်မာ့အတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးကာလအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယခု သတင်းထုတ်ပြန်လိုက်သည်။
ဧပြီ ၁၂ ရက် ရက်စွဲဖြင့် ပေးပို့လာသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၏ ဆုမွန်ကောင်းတောင်း သဝဏ်လွှာတွင် “မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများအားလုံးသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိက နွေးထွေးစွာ ဆုမွန်ကောင်းတောင်းလျက် အားပေးစကား ပြောကြားလိုပါသည်။”ဟု ဖော်ပြထားသည်။
ထို့အပြင် “သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့်ရန် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တိုင်းပြည်ဆက်လက်ယိုယွင်းလျက်ရှိသော်လည်း အဆိုပါ အကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် ကူညီပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားပါသည်။”ဟုလည်း ဖော်ပြထားသည်။
ယင်းအပြင် “မြန်မာပြည်သူများသည် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြားတွင် ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြပြီး ဖြစ်ပါသည်။ သင်္ကြန်၏ အနှစ်သာရက မိမိတို့ကို ပိုမိုကောင်းမွန်သော မနက်ဖြန်များရှိကြောင်း သတိပေးနေသည့်အတိုင်း မြန်မာပြည်သူများအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နှင့် လာမည့်နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များ ရရှိပါစေကြောင်း မိမိတို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။”ဟုလည်း ဆုမွန်ကောင်းတောင်းပေးထားသည်။
