၈.၄.၂၀၂၆
Written by Nay Yaung
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီ ၈ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြီးဆုံးကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူကို ထာ၀ရကိုယ်စားပြုနိုင်ရန် အထူးအလေးထား ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့ကြောင်း သိရသည်။
ပဉ္စမနေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက “လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ မကြာခင်လွှတ်တော်ကို ခေတ္တရပ်နားတော့မှာဖြစ်ပါတယ်။ လွှတ်တော်ရပ်နားနေစဉ်ကာလအတွင်းမှာလည်း ကိုယ်စားလှယ်များအနေနဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်တာနဲ့အညီ ရောက်ရှိနေရာ၊ ဒေသတိုင်းမှာ ပြည်သူ့အသံကို နားထောင်ရင်း ပြည်သူ့အကျိုးကို ဆောင်ရွက်ခြင်း၊ အမျိုးသားအကျိုးစီးပွားကို အလေးအနက်ထားပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အကောက်အထည်ဖော်နိုင်မဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်စေရန်၊ ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူကိုထာ၀ရကိုယ်စားပြုနိုင်ရန် အထူးအလေးထား ကြိုးစားဆောင်ရွက်သွားကြစေလိုပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေမဲ့ လုပ်ငန်းတာဝန်များကိုလည်း စိတ်ကောင်းစေတနာမှန်နဲ့ ဆထက်တမ်းပိုး ထမ်းဆောင်ကြဖို့လိုတယ်လို့ ရှုမြင်ပါတယ်”ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့သည့် ဒုတိယသမ္မတသည် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူအနေဖြင့် တာဝန်များထမ်းဆောင်လျက်ရှိပြီး ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
“ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပြီး အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပေးပို့တင်ပြခဲ့ရာ အခုဆိုရင် ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ခဲ့တဲ့ ဒုတိယသမ္မတသည် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူအနေနဲ့ တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်း လေ့လာသူများအဖြစ် နိုင်ငံရေးပါတီများမှ လေ့လာသူ ၂၁ ဦး၊ ပြည်သူလူထုလေ့လာသူ ငါးဦး လာရောက်လေ့လာစေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက “လွှတ်တော်ကိုယ်စားလှယ်ကြီးများ ခင်ဗျာ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်က စတင်ခဲ့ရာ ယနေ့ ဧပြီလ ၈ ရက်နေ့မှာ ပြီဆုံးတော့မှာဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ ပြည်သူကို ကိုယ်စားပြုခွင့်ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လွှတ်တော်အဆောက်အအုံထဲမှာ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့ ဆောင်ပုဒ်တွေကို နေရာအနှံ့အပြားမှာ တွေ့ရမှာဖြစ်ပါတယ်။ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေကို ကြည့်မယ်ဆိုရင်လည်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနဲ့ သမ္မတ၊ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်များကို အပြန်အလှန်ထိန်းညှိခြင်းတို့ကို တွေ့ရမှာဖြစ်ပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကာလအတွင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ကို မဲပေးရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူတွေရဲ့ကိုယ်စား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဲဒီနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်သူထောင်စုအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများကို ရွေးချယ်တင်မြှောက် အတည်ပြုဆောင်ရွက်နေကြပြီဖြစ်လို့ လွှတ်တော်ရဲ့ အဓိကတာဝန်တွေကို အချိန်တိုအတွင်းမှာ အထိုက်အလျောက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားများသို့ ပြောကြားခဲ့သည်။
မတ်လ ၁၆ ရက်ကစတင်ပြီး ဧပြီ ၈ ရက်အထိ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တတိအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးတို့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းအပိုင်းနှင့် စပ်လျဉ်းပြီး ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များမှာ သဘာပတိတင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရွေးကောက်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရွေးကောက်တင်မြှောက်ခြင်း၊ နိုင်ငံတော်သမ္မတအရည်အချင်းစစ်ဆေးရေးအဖွဲ့ဝင် ပါဝင်မည့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခြင်းနှင့် ဒုတိယသမ္မတရွေးချယ်တင်မြှောက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ကော်မတီငွေစာရင်းကော်တီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတို့ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့်စပ်လျဉ်းပြီး တင်ပြချက်ကို အတည်ပြုခြင်းနှင့် ဖွဲ့စည်းခြင်းတို့ကို ချမှတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တတိအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပခဲ့သည့် ငါးရက်တာကာလအတွင်း တက်ရောက်မှုအခြေအနေကိုမှတ်တမ်းတင်ခြင်း၊ ပေးပို့လာသည့် သဝဏ်လွှာငါးခုကို မှတ်တမ်းတင်ခြင်း၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ကျင်းပခဲ့သည့် နှစ်ရက်သို့ တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
