၇. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဥက္ကဋ္ဌဦးသန်းစိုး အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားရန် တင်ပြခဲ့မှုအား ကန့်ကွက်သူမရှိခြင်းကြောင့် အတည်ပြုကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ (၃၄) နှင့်အညီ ဥက္ကဋ္ဌအပါအဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန် လွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရေးအတွက် အမည်စာရင်းကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၅ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း ယမန်နေ့ ဧပြီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် နာယက က အသိပေးတင်ပြခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်သို့ နယက က တင်ပြခဲ့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ခန့်အပ်ရန်အမည်စာရင်းသည် (၁) ဦးသန်းစိုး၊ (၂) ဦးအောင်မိုးမြင့်၊ (၃) ဦးအောင်လွင်ဦး၊ (၄) ဦးမြင့်ဦး၊ (၅) ဦးခင်မောင်ဦး၊ (၆) ဦးမြင့်သိန်း၊ (၇) ဦးကိုကိုလွင်၊ (၈) ဦးသန်းအောင်ကျော်၊ (၉) ဦးခင်ဇော်၊ (၁၀) ဦးသန်းထွဋ်သိန်း၊ (၁၁) ဦးအောင်မြင့်လွင်၊ (၁၂) ဦးခင်မောင်ကြီး၊ (၁၃) ဦးမျိုးမောင်၊ (၁၄) ဦးကြည်သိန်း၊ (၁၅) ဒေါ်ခင်သင်းဝေတို့ဖြစ်ကြောင်း သိရသည်။

အထက်ပါ ပုဂ္ဂိုလ် ၁၅ ဦးအနက် ဦးသန်းစိုးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုပါကြောင်း နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုတင်ပြထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
ယင်းကဲ့သို့ တင်ပြမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် တစ်ဦးဦးသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (ခ)ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံမရှိကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဧပြီ ၆ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ကြောင်း နာယက ပြောကြားခဲ့သည်။
သတ်မှတ်နောက်ဆုံးအချိန်အထိ ကန့်ကွက်သူမရှိသောကြောင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဥက္ကဋ္ဌဦးသန်းစိုး အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားရန် တင်ပြခဲ့မှုအား အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့ ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတုတ္ထနေ့တွင် အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
