


သက်တံ့
၅. ၄. ၂၀၂၆
မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများမှ ကျည်ဆန်များ ထိုင်းနယ်မြေအတွင်းသို့ ယနေ့ ကျရောက်ပေါက်ကွဲမှုကြောင့် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ရှိ နေအိမ် (၂၀) နီးပါး ပျက်စီးခဲ့ရသော်လည်း ဒေသခံများအား ကြိုတင်ရွှေ့ပြောင်းပေးထားခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Thai Enquirer ၏ ယခုဖော်ပြမှုအရ သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် မြန်မာ့တပ်မတော်၏ ခြေမြန်တပ်မဌာနချုပ် (၂၂) နှင့် KNU/ KNLA နှင့် PDF ပူးပေါင်းလက်နက်ကိုင်များအကြား ပြန်လည်ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး လက်နက်ကြီးများ၊ စက်သေနတ်များနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။ တိုက်ပွဲများမှာ ထိုင်းဘက်ခြမ်းမှ မဟာဝမ်အုပ်စု၊ ဟွေမဟာဝမ်ကျေးရွာနှင့် အနီးအနားရှိ ရွာများ၏ တစ်ဖက်ကမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျည်ဆန်များမှာ လူနေရပ်ကွက်များသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပျက်စီးမှုများ ဖြစ်ပွားခဲ့သော်လည်း ထိုင်းစစ်တပ်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ဒေသခံများအား ကြိုတင်ရွှေ့ပြောင်းပေးထားခဲ့သဖြင့် လူအသေအပျောက် မရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ယခုဖြစ်စဉ်မှာ မတ်လ (၃၁) ရက်နေ့က နီလာပန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားစဉ် ကျည်ဆန်များ ဟွေမဟာဝမ်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့် ဆင်တူနေသည်။ ထိုစဉ်က ထိုင်းတပ်ဖွဲ့များသည် ဒေသဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်ထံမှ ခွင့်ပြုချက်ရယူပြီးနောက် သတိပေးချက်အနေဖြင့် မီးခိုးဗုံး (၄) လုံးဖြင့် ပြန်လည်ပစ်ခတ် တုံ့ပြန်ခဲ့သည်။
