သက်တံ့
၄. ၄. ၂၀၂၆
နိုင်ငံတကာခရီးသွားဧည့်သည်များ အများအပြားလာရောက်ရာ စူရတ်ဌာနီပြည်နယ်၊ ခေါ့ဖငန်ကျွန်းပေါ်ရှိ တရားမဝင် ကလေးထိန်းကျောင်း နှစ်ခုကို ရဲတပ်ဖွဲ့က ပိတ်သိမ်းလိုက်ပြီးနောက် အစ္စရေး၊ ထိုင်းနှင့် မြန်မာနိုင်ငံသားများ ပါဝင်သော ပိုင်ရှင်များနှင့် ဝန်ထမ်းများကို ဖမ်းဆီးခဲ့သည်။
ခေါ့ဖငန်ခရိုင်အုပ်ချုပ်ရေးမှူး ပိုင်ဆစ်သွန်းဂျမ်၏ ပြောကြားချက်အရ အမည်မဖော်ပြထားသော အဆိုပါကျောင်းနှစ်ခုလုံးသည် ခေါ့ဖငန်ကျွန်း၊ တမ်ဘွန်း (Tambon) ရှိ ကျေးရွာအမှတ် (၇) ဧရိယာအတွင်းမှာပင် တည်ရှိနေခြင်းဖြစ်သည်ဟု သိရသည်။
ပထမကျောင်းမှာ ကျောင်းအသွင်အပြင် အလှဆင်ထားသော အဆောက်အအုံတစ်ခုဖြစ်ပြီး ရှာဖွေစီးနင်းစဉ်အတွင်း အသက် ၂ နှစ်မှ ၅ နှစ်ကြားရှိ နိုင်ငံခြားသားကလေးငယ် ၁၃ ဦးကို တွေ့ရှိခဲ့ရသည်။
အဆိုပါကျောင်းမှာ လုပ်ငန်းလိုင်စင်မရှိဘဲ ဖွင့်လှစ်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လူ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့မှာ လုပ်ငန်းပိုင်ရှင်ဟု အခိုင်အမာဆိုသူ အသက် ၃၄ နှစ်အရွယ် အစ္စရေးနိုင်ငံသား Tahel Cherone Edri၊ အစ္စရေးနိုင်ငံသား ဆရာဖြစ်သူ အသက် ၄၅ နှစ်အရွယ် Rotem Mitrany နှင့် အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား ဝန်ထမ်း ဆုစန္ဒာပြည့်စုံတို့ ဖြစ်ကြသည်။
အခြားတစ်နေရာတွင်လည်း ဖမ်းဆီးရေးအဖွဲ့သည် အသက် ၂ နှစ်မှ ၅ နှစ်ကြား ကလေးငယ် ၁၀ ဦး တက်ရောက်နေသည်ကို တွေ့ရှိခဲ့ရပြန်သည်။
အဆိုပါနေရာတွင် အသက် ၄၀ အရွယ် အစ္စရေးနိုင်ငံသား Anat Vekstein Kimiagar နှင့် အသက် ၂၈ နှစ်အရွယ် ထိုင်းနိုင်ငံသား ဆရာမ Kultida တို့ လုပ်ကိုင်နေသည်ကို တွေ့ရှိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် လုပ်ငန်းလိုင်စင် (ပါမစ်) မရှိဘဲ လုပ်ငန်းတည်ထောင်ကာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။
သံသယရှိသူ အားလုံးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ခေါ့ဖငန်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ပိုင်ဆစ်က ပြောကြားခဲ့သည်။
Ref : Bangkok Post
