သတိုး
၃. ၄. ၂၀၂၆
နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ၏ ရှေ့နေချုပ် Karim Khan အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှု စွပ်စွဲချက်များနှင့် ပတ်သက်သည့် အစီရင်ခံစာများ လက်ခံရရှိပြီးနောက်၊ ၎င်းအပေါ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အဖွဲ့ဝင်နိုင်ငံများက မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း ယင်းကိစ္စနှင့် ပတ်သက်၍ အခြေအနေသိရှိထားသူ နှစ်ဦးက Wall Street Journal ၏ သတင်းကို အတည်ပြုလျက် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့က ပြုလုပ်သော အဓိကအဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲမှုတွင် အဆိုပါ အရေးယူမှု လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ရန်အတွက် ၁၅ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး၊ ၂ နိုင်ငံက ကြားနေကာ ၄ နိုင်ငံက ကန့်ကွက်ခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များက ဆိုသည်။
မြန်မာ့အရေးအပါအဝင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံး(သုဥ်း)သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးနေသူ Khan သည် ၎င်း၏ရုံးခန်းမှ ရှေ့နေအမျိုးသမီးတစ်ဦးကို သဘောတူညီချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုပြုခဲ့သည်ဆိုသော စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးမှု မပြီးမချင်း ခွင့်ယူထားသည်။ ယင်းကမူ မည်သည့်အမှားအယွင်းမျှ ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
ရှေ့နေချုပ်ရုံးကမူ ယင်းကိစ္စသည် ဆောင်ရွက်ဆဲလုပ်ငန်းစဉ်ဖြစ်သည့်အတွက် အရေးယူဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် မှတ်ချက်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ICC သည် ၎င်း၏ အထင်ကရ အရာရှိဖြစ်သူ Khan အပေါ် စုံစမ်းစစ်ဆေးမှုများကြောင့်လည်းကောင်း၊ အစ္စရေးအရာရှိများကို စစ်ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည့် တရားရုံး၏ လုပ်ဆောင်ချက်များအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်လည်းကောင်း အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများ၏ အစီရင်ခံစာတစ်ခုတွင် အမျိုးသမီးလက်ထောက်တစ်ဦးအပေါ် Khan ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု စွပ်စွဲချက်များအတွက် “ခိုင်လုံသောအချက်အလက်များ” ကို တွေ့ရှိခဲ့ရပြီး သက်သေများ၏ ထွက်ဆိုချက်များကလည်း “သူမ(ကျူးလွန်ခံရသူ)၏ ပြောကြားချက်များကို အထောက်အကူပြုနေသည်” ဟု သတင်းရင်းမြစ်များက ပြောသည်။
သို့သော်လည်း အဆိုပါ ကုလသမဂ္ဂအစီရင်ခံစာကို လေ့လာဆန်းစစ်ခဲ့သည့် တရားသူကြီး သုံးဦး၏ ဒုတိယမြောက် အစီရင်ခံစာတွင်မူ Khan အပေါ် စွပ်စွဲချက်များ၏အမှန်တရားကို “သံသယဖြစ်ဖွယ်မရှိအောင်” အတည်ပြုရန် သက်သေအထောက်အထား မလုံလောက်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
Khan ၏ ရှေ့နေများက ပြီးခဲ့သည့်အပတ်တွင် ရိုက်တာသို့ ပြောကြားရာ၌ “တရားသူကြီးများ တွေ့ရှိရသောအချက်အလက်များသည် အကျင့်ပျက်ခြစားမှု သို့မဟုတ် တာဝန်ပျက်ကွက်မှုအဖြစ် သတ်မှတ်၍မရကြောင်း” တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။
အာဖရိကနိုင်ငံများစုပေါင်းထားသောအဖွဲ့ကမူ တရားသူကြီးများက Khan တွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည့်အတွက် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများကို ရပ်တန့်သင့်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း တရားရုံးကို အဓိကထောက်ခံပေးနေသည့် အခြားနိုင်ငံများအပါအဝင် နိုင်ငံအများအပြားက လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရန် မဲပေးခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့ အစည်းအဝေးတွင် ဖတ်ကြားခဲ့သည့် စာတစ်စောင်၌ ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများကလည်း Khan အနေဖြင့် ရှေ့နေချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းကို ကန့်ကွက်ခဲ့ကြသည်။
ICC တွင် အဖွဲ့ဝင် ၁၂၅ နိုင်ငံရှိပြီး ၎င်းသည် ကမ္ဘာ့နောက်ဆုံးအားကိုးရာ ရာဇဝတ်တရားရုံးဖြစ်သည်။
Ref: Reuters
