၁.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သည် အီရန်အပေါ် စစ်ရေး တိုက်ခိုက်မှုများကို နှစ်ပတ်မှ သုံးပတ်အတွင်း အဆုံးသတ်နိုင်ကြောင်းနှင့် အီရန်အစိုးရအနေဖြင့် ပဋိပက္ခကို လျှော့ချရန်အတွက် ကြိုတင်လိုအပ်ချက်အဖြစ် သဘောတူညီချက်တစ်ခု ပြုလုပ်ရန် မလိုအပ်ပါကြောင်း မတ်လ ၃၁ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။
ယခုအခါ ပဉ္စမမြောက် ရက်သတ္တပတ်သို့ ရောက်ရှိနေပြီဖြစ်သော အီရန်စစ်ပွဲ မည်သို့အဆုံးသတ်နိုင်သည်နှင့် ပတ်သက်၍ သဘောထားပြောင်းလဲနေမှုများနှင့် တစ်ခါတစ်ရံတွင် အမေရိကန်အစိုးရ၏ ကြေညာချက်များ ဆန့်ကျင်ဘက်ဖြစ်နေမှုများကို သတင်းများက အလေးပေးဖော်ပြခဲ့သည်။
သို့တိုင် ယခုကြေညာချက်တွင်မူ အနှောင့်အယှက်ဖြစ်ပျက်ပြားခဲ့ရသော အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်များကို ပြန်လည်၍ နေသားတကျစီစဉ်ပေးခြင်း၊ ရီပတ်ဘလီကန်၏ သမ္မတသက်တမ်းလမ်းကြောင်းကို ပြောင်းလဲစေသည့် တစ်လကြာစစ်ပွဲကို မကြာမီ အဆုံးသတ်ခြင်းတို့ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ထရမ့်ပ်က ယနေ့အထိ အရှင်းလင်းဆုံးအဖြစ် ဖော်ပြခဲ့သည်။
ထရမ့်ပ်က သတင်းထောက်များအား “ကျွန်တော်တို့ မကြာခင်စစ်ပွဲကို စွန့်ခွာတော့မှာပါ” ဟု အိမ်ဖြူတော်၏ Oval ရုံးခန်းတွင် ပြောကြားခဲ့ပြီး ၎င်းက နှစ်ပတ်အတွင်း သို့မဟုတ် နှစ်ပတ်မှ သုံးပတ်အတွင်း ဖြစ်လာနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် Operation Epic Fury ဟု အမည်ပေးထားသည့် စစ်ဆင်ရေးဆင်နွှဲမှုကို အပြီးသတ်ရန် အီရန်နှင့် အောင်မြင်သော သံတမန်ရေးက မရှိမဖြစ်လိုအပ်သော အချက်တစ်ခု ဖြစ်လာမည် ဟုတ်မဟုတ် မေးမြန်းရာတွင် ထရမ့်ပ် က ထိုသို့မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်ပ်က “အီရန်အနေနဲ့ ကျွန်တော်နဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ဖို့ မလိုပါဘူး” ဟု ပြောကြားခဲ့သည်။
ထရမ့်ပ်က စစ်ဆင်ရေးကို ရပ်ဆိုင်းရန် လိုအပ်ချက်မှာ အီရန်ကို မကြာမီ နျူကလီးယားလက်နက် ရရှိနိုင်စွမ်းမရှိဘဲ ကျောက်ခေတ်ထဲကို ပြန်ရောက်သွားအောင်လုပ်ဖို့သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီလိုဖြစ်လာပြီးရင်စစ်ပွဲက ကျွန်တော်တို့ထွက်သွားမှာပါ” ဟု ထရမ့်ပ် က ဆက်လက်ပြောကြားခဲ့သည်။
အိမ်ဖြူတော်က နောက်ပိုင်းတွင် သမ္မတထရမ့်ပ်က အီရန်အကြောင်း အရေးကြီးသော နောက်ဆုံးရသတင်းများကို ပြည်သူများသိစေရန် ဧပြီလ ၁ ရက်၊ ည ၉ နာရီ EDT (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် နံနက် ၇း၃၀ နာရီ) တွင်နိုင်ငံအား မိန့်ခွန်းပြောကြားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
Ref-CNA
