◾ နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိမရှိ စိစစ်ရေးအဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးစီကို အတည်ပြု ရွေးချယ်
၃၀.၃.၂၀၂၆
Written by Nay Yaung
ပြည်သူ့လွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့ကို အမည်စာရင်းတင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမနာမ်တူးဂျာတို့ကို အမည်စာရင်းအဆိုပြုခဲ့ကြောင်း သိရသည်။
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးနှင့် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကို မတ်လ ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် စတင်ကျင်းပခဲ့ပြီး ဒုတိယသမ္မတလောင်းများ အမည်စာရင်းများကို အသီးသီးအဆိုပြုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူ့လွှတ်တော်တွင် အဆိုပြုသော ဒုတိယသမ္မတလောင်း အမည်စာရင်းမှာ တစ်ဦးထက်ပိုနေသဖြင့် လွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ကြမည်ဖြစ်ပြီး မဲအများဆုံးရရှိသူကို ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမည်ဖြစ်ကာ အမျိုးသားလွှတ်တော်တွင်လည်း ဒုတိယသမ္မတလောင်း အမည်စာရင်း တစ်ဦးထက်ပိုနေသဖြင့် ထိုနည်းတူ မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ ဒုတိယသမ္မတစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်များကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၁ အရ ဒုတိယသမ္မတလောင်း တစ်ဦးချင်းအဆိုပြုလိုသည့် လွှတ်တော်ကိုယ်စားလှယ်ကလည်းကောင်း၊ စုပေါင်း၍ အဆိုပြုလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား လွှတ်တော်ကိုယ်စားလှယ်ကလည်းကောင်း အဆိုတင်သွင်း၍ ကျန်လွှတ်တော်ကိုယ်စားလှယ်များအနက် တစ်ဦးစီက သက်ဆိုင်ရာအဆိုအသီးသီးကို ထောက်ခံရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့နောက် ထားဝယ်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ဌေးက ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အဆိုတင်သွင်းခဲ့ပြီး ပင်လောင်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းရီရီဝင်းက ထောက်ခံကြောင်း တင်ပြခဲ့သည်။
ဆက်လက်၍ ကြံခင်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦးက ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်နိုင်ရန် တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေ(တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ)ကို အမည်စာရင်းတင်သွင်းခဲ့ပြီး စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်က ထောက်ခံတင်ပြခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတလောင်း အဆိုပြုလွှာပုံစံ ထုတ်ယူသည်မှာ နှစ်စောင်ဖြစ်ပြီး ပြန်လည်တင်သွင်းသည့် အရေအတွက်မှာ နှစ်စောင်ဖြစ်ကြောင်း သိရသလို ဒုတိယသမ္မတလောင်းအမည်စာရင်းများကို အက္ခရာစဉ်အလိုက် ကြေညာရာတွင် (၁) ဒေါက်တာကျော်ဆွေ(တောင်တွင်းကြီးမဲဆန္ဒနယ်)၊ (၂) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) တို့ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက “ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ။ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတစ်ဦး ရွေးချယ်တင်မြှောက်ပြီးတဲ့အခါ ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၃ ပါ အရည်အချင်းများနှင့် ပြည့်စုံမှုရှိမရှိ စိစစ်နိုင်ဖို့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၀ အရ စိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီး နည်းဥပဒေ ၃၁ အရ စိစစ်ရမှာဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၀ အရ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိမရှိ စိစစ်ရေးအဖွဲ့ဝင်အဖြစ် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ရွေးချယ်ပေးသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါဝင်ရမည်ဖြစ်သဖြင့် မိတ္ထီလာမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက လှည်းကူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုးကို အဆိုတင်သွင်းခဲ့ပြီး ညောင်လေးပင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန့်ဇော်လွင်က ထောက်ခံခဲ့ကြောင်း သိရသည်။
ထို့နောက် စိစစ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဦးခင်မောင်စိုးတစ်ဦးတည်းကိုသာ အဆိုပြုတင်သွင်းထားသည့်အတွက် လှည်းကူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုးကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိမရှိ စိစစ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၃ အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်းတို့သည် ယနေ့တင်ပြသည့် ဒုတိယသမ္မတလောင်းအဆိုပြုလွှာကို စိစစ်နိုင်ရန်နှင့် ဒုတိယသမ္မလောင်းများ အမည်စာရင်းပြုစုနိုင်ရန်အတွက် အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် ကရင်ပြည်နယ်လွှတ်တော်၊ အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၂) ဒေါက်တာ မနာမ်တူးဂျာတို့ကို အမည်စာရင်း အဆိုပြုခဲ့ကြောင်း သိရသည်။
အဆိုပြု တင်သွင်းခံရသည့် ဒုတိယသမ္မတလောင်းအမည်စာရင်းများကို အက္ခရာစဉ်အလိုက် ကြေညာခဲ့ရာ ဒေါ်နန်းနီနီအေး (ကရင်ပြည်နယ်လွှတ်တော်၊ အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ်-၂)နှင့် ဒေါက်တာ မနာမ်တူးဂျာ (ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်-၁၂) တို့ဖြစ်ကြသည်။
အမျိုးသားလွှတ်တော်မှ ဒုတိယသမ္မတလောင်းများ အမည်စာရင်းအဆိုပြုရာတွင် ဒေါ်နန်းနီနီအေးကို ပဲခူတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းက အဆိုတင်သွင်းခဲ့ပြီး ကယားပြည်နယ်၊ မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရှားရယ်က ထောက်ခံခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဒေါက်တာမနာမ်တူးဂျာကို တနင်္သာရီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦသန်းအေး(ခ) ဦးတင်ဦးက အဆိုတင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသွင်းနှင့် မွန်ပြည်နယ် အချိုးကျကိုယ်စားပြုစနစ်မှ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်အောင်တို့က ထောက်ခံခဲ့ကြောင်း သိရသည်။
ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က အမည်စာရင်းအဆိုပြုသည့် ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းခြင်းခံရသူများကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃ ပါ အရည်အချင်းများနှင့် ပြည့်စုံမှုရှိ၊ မရှိ စိစစ်နိုင်ရန် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၀ အရ စိစစ်ရေးအဖွဲ ဖွဲစည်းပြီး နည်းဥပဒေ ၃၁ အရ စိစစ်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်မှ စိစစ်ရေးအဖွဲ့ဝင်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးလှသိန်းကို ဧရာ၀တီတိုင်းဒေသကြီး၊ အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်တင်မြင့်က အမည်စာရင်းတင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး၊ မဲအများဆုံးရယူ အနိုင်ယူစနစ် မဲဆနန္ဒနယ်အမှတ်(၄)မှ ဦးရဲမြင့်ထွန်းက ထောက်ခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမည်စာရင်းတင်သွင်းခံရသူ တစ်ဦးတည်းသာရှိသည့်အတွက် ပဲခူးတိုင်းဒေသကြီး၊ အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိမရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ကြေညာခဲ့ကြောင်း သိရသည်။
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးနှင့် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို မတ်လ ၃၁ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။




