MT News

Written by Nay Aung

ကနေဒါအခြေစိုက် ခရီးသွားမဂ္ဂဇင်းတစ်ခုဖြစ်သော The Travel သည် ၂၀၂၃ ခုနှစ်အတွက် အရှေ့တောင်အရှဒေသရှိ အလှပဆုံးနေရာ ၁၀ ခုကို အဆင့်သတ်မှတ်ဖော်ပြခဲ့ရာတွင် မြန်မာနိုင်ငံ ပုဂံဒေသက အဆင့် ၈ နေရာတွင် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။

The Travel က ဖော်ပြသော အရှေ့တောင်အာရှဒေသရှိ အလှပဆုံးနေရာ ၁၀ ခုထဲတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Tegalalang rice terraces ၊ စင်ကာပူ၊ အင်ဒိုနီးရှားရှိ နူဆာကျွန်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ် ဘုရားကျောင်း၊ လာအိုနိုင်ငံတောင်ပိုင်းရှိ Bolaven Plateau ဒေသတို့သည် ထိပ်ဆုံးငါးနေရာတွင်ရှိနေကြောင်းသိရသည်။ ပုဂံဒေသသည် ကမ္ဘာရှေးဟောင်းအမွေအနှစ် ဒေသတစ်ခုအဖြစ် ယူနက်စကိုအဖွဲ့က သတ်မှတ်ခံထားရသော ဒေသဖြစ်ကြောင်းသိရသည်။

ပုဂံဒေသတွင် ၁၁ ရာစုနှင့် ၁၃ ရာစုအတွင်း ဆောက်လုပ်ခဲ့သော ဘုရား၊ စေတီ ၊ ပုထိုးများ၊ ဥမင်လိုဏ်ခေါင်းများ ထောင်ချီရှိနေသော ဒေသဖြစ်ပြီး ဓမ္မရံကြီး စေတီပုထိုးသည် ပုဂံဒေသရှိ စေတီပုထိုးများထဲတွင် အကြီးဆုံးဖြစ်ကာ လူသိများသည့်အပြင် ပုဂံဒေသမှ လှပသောနေဝင်ချိန်ကို ကြည့်ရူခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကိုလာရောက်သော နိုင်ငံခြားခရီးသွားများသည် အများအားဖြင့် ပုဂံဒေသသို့ သွားရောက် လေ့လာလေ့ရှိကြောင်း The Travel မဂ္ဂဇင်းက ဖော်ပြထားသည်။ အဆိုပါ မဂ္ဂဇင်းက နိုင်ငံခြားခရီးသွားများအနေဖြင့် အရှေ့တောင်အာရှဒေသသို့ သွားရောက်မည်ဆိုပါက အလှပဆုံးနေရာများကို သွားရောက်သင့်ပြီးမြန်မာနိုင်ငံကိုရောက်ရှိချိန်တွင် ရှေးဟောင်းအမွေနှစ်များပြားစွာရှိနေသော ပုဂံဒေသသို့ သွားရောက်လေ့လာရန်အကြံပြုထားကြောင်း သိရသည်။

ref -The Travel

Leave a Reply

Your email address will not be published. Required fields are marked *