၂၈.၃.၂၀၂၆
Translated by Htwe Ko Tun
ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးရိုက်ကစားသမားဟောင်းဖြစ်တဲ့ တိုက်ဂါးဝုဒ်စ်ဟာ မတ်လ ၂၇ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ Jupiter Island မြို့မှ နေအိမ်အနီးရှိ နှစ်လမ်းသွားလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ Land Rover ကား တိမ်းမှောက်ပြီးနောက် အရက်မူးပြီး မောင်းနှင်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း မာတင်ခရိုင် ရဲတပ်ဖွဲ့ရုံးက ပြောကြားခဲ့ပါတယ်။
အဓိကချန်ပီယံဆု ၁၅ ကြိမ်ရရှိထားသူ တိုက်ဂါးဝုဒ်စ်ဟာ နောက်တွဲယာဉ်တစ်စီးကို ဆွဲလာတဲ့ လုပ်ငန်းသုံးထရပ်ကားတစ်စီးကို ကျော်တက်စဉ်မှာ သူ့ရဲ့ကားက နောက်တွဲယာဉ်ရဲ့ နောက်ဘက်ကို ဝင်တိုက်မိပြီး ကားဟာ ယာဉ်မောင်းဘက်ကို လိမ့်ကျသွားခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရဲအရာရှိ ဂျွန်ဘူဒန်ဆစ်ခ်က ပြောခဲ့ပါတယ်။


အသက် ၅၀ နှစ်အရွယ် ဝုဒ်စ်ဟာ အခင်းဖြစ်နေရာကို ရဲအရာရှိတွေ မရောက်ခင်မှာဘဲ ခရီးသည်တံခါးမှ တွားထွက်လာခဲ့ပါတယ်။ မာတင်ခရိုင်အကျဉ်းထောင်မှာ ပြုလုပ်တဲ့ အသက်ရှူကိရိယာစစ်ဆေးမှုမှာတော့ ဝုဒ်စ်ဟာ အရက်သောက်သုံးထားမှု တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေမဲ့ စုံစမ်းစစ်ဆေးသူတွေက ဝုဒ်စ်ရဲ့ ချို့ယွင်းမှုဟာ မူးယစ်ဆေးဝါး ဒါမှမဟုတ် ဆေးဝါးသောက်သုံးမှုနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
ဖလော်ရီဒါပြည်နယ်ဥပဒေအရ သီးခြားစွဲချက်တင်ထားတဲ့ ဆီးစစ်ဆေးမှုကို ဝုဒ်စ်က ခံယူဖို့ ငြင်းဆိုခဲ့ပါတယ်။ ယာဉ်တိုက်မှုမှာ ဝုဒ်စ် မှာရော၊ အတိုက်ခံရတဲ့ ယာဉ်ရဲ့ ယာဉ်မောင်းမှာရော ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့ က ဝုဒ်စ်ကို အရက်မူးယစ်ဆေးဝါးသုံးစွဲပြီး ကားမောင်းနှင်မှု၊ ပစ္စည်းပျက်စီးဆုံးရှုံးမှုနဲ့ တရားဝင်စစ်ဆေးမှု ကို ငြင်းဆန်မှုတို့နဲ့ တရားစွဲဆိုခဲ့ပြီး အားလုံးဟာ ပြစ်မှုငယ်စွဲချက်တွေဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ် ဥပဒေအရ ဝုဒ်စ် အနေနဲ့ အာမခံဖြင့် လွတ်မြောက်ခြင်းမပြုမီ အနည်းဆုံး ရှစ်နာရီကြာ အကျဉ်းထောင်မှာ နေထိုင်ရမှာ ဖြစ်ပါတယ်။
ဝုဒ်စ်ဟာ အရက်မူးယစ်ဆေးဝါးသုံးစွဲပြီး ကားမောင်းနှင်မှု စွဲချက်တွေနဲ့ ရင်ဆိုင်ရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ဖလော်ရီဒါပြည်နယ်၊ ဂျူပီတာမြို့မှာလည် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာတော့ ထိုအမှုမှာပေါ့ဆစွာမောင်းနှင်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
ဝုဒ်စ် ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာလည်း ပြင်းထန်တဲ့ ကားမတော်တဆမှုတစ်ခုမှာ ပါဝင်ခဲ့ပြီး ခြေထောက်ကျိုးသွားခဲ့ပါသေးတယ်။
Ref : Reuters
