




◾️ အခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ရန် သဘောတူညီချက် ၄၃ ချက်အပြင် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်များမှ စုစည်းထားသည့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) များကို ပြည်ထောင်စုလွှတ်တော်တွင် စုစည်းတင်ပြပြီး ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည်ဟုပါ ပြောကြား
◾️ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသွားမည်
၂၇. ၃. ၂၀၂၆
Written by Nyein Kyaw
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ခိုင်မာသည့်အစိုးရတစ်ရပ် ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းတွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်သည့်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သလို တပ်မတော်အနေဖြင့်လည်း နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့ပြီး တစ်ဖက်သတ်အပစ်အခတ် ရပ်စဲမှုများကို လိုက်လျောဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် “ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို မိမိကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမယ်” ဆိုသည့် ငြိမ်းချမ်းရေး မိန့်ခွန်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့သည့်အပြင် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်များမှ စုစည်းထားသည့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) များကို ပြည်ထောင်စုလွှတ်တော်တွင် စုစည်းတင်ပြပြီး ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“ဒို့နိုင်ငံအနေနဲ့ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေတာပဲဖြစ်တယ်။ ဖက်ဒရယ်စနစ်ဆိုတာ လူပုဂ္ဂိုလ်၊ လူမျိုးအတွက် ရည်ညွှန်းတာမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေတစ်ခု အပေါ် ရည်ညွှန်းဆောင်ရွက်ရတာ ဖြစ်တယ်။ ဒို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာမှာလည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအဆက်ဆက်ရဲ့ အတွေ့အကြုံတွေအရ မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ် စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
လက်ရှိအချိန်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှတစ်ဆင့် ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် ပြည်သူ့ကိုယ်စားလှယ်များ ထွက်ပေါ်ခဲ့ပြီး လွှတ်တော်အသီးသီး၏ အစည်းအဝေးများ စတင်ကျင်းပနေပြီဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းစီက စက်ခလုတ်နှိပ်ပြီးပေးခဲ့ကြသည့် မဲတစ်မဲစီသည် ပြည်သူတစ်ဦးချင်းစီ၏ ဦးနှောက်နှင့် နှလုံးသားများဖြစ်ခြင်းကြောင့် ပေါ်ထွက်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များသည်လည်း နိုင်ငံ့အရေးကို အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိဖြင့် အလေးအနက်ထား ကြိုးပမ်းထမ်းရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့လည်း ခိုင်မာတဲ့အစိုးရတစ်ရပ် ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်တဲ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်သလို တပ်မတော်အနေနဲ့လည်း နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
