◾️ ကမ္ဘာ့စက်သုံးဆီဈေးမြင့်တက်နေသော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် အစိုးရကူညီထောက်ပံ့မှုကြောင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်တင့်သည့်ဈေးနှုန်းသာရှိသေးဟု သိရ
၂၀. ၃. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ပေးနေသည့် စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၇၈၀ မှ ကျပ် ၉၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၂၀၀ ဝန်းကျင် မြင့်တက်လာခဲ့သည်။
ကော်မတီမှ ထုတ်ပြန်ထားသော စက်သုံးဆီဈေးနှုန်းများအရ မတ်လ ၁၃ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၈၃၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၉၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၃,၂၀၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၅၆၀ ကျပ်ဖြစ်သည်။
မတ်လ ၂၀ ရက် (ယနေ့)တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၃,၆၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၈၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄,၃၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄,၈၂၀ ကျပ် ဖြစ်လာသောကြောင့် ဓာတ်ဆီတစ်လီတာ ကျပ် ၇၈၀ မှ ကျပ် ၉၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၂၀၀ ဝန်းကျင် မြင့်တက်လာခဲခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ချိန်နှင့် နှိုင်းယှဉ်ပါက သုံးပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၁,၁၀၀ ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁,၃၀၀ ကျော် မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများ သယ်ယူပို့ဆောင်ရာတွင် အတားအဆီး၊ အဟန့်အတားပိတ်ဆိုမှုများ ဖြစ်ပေါ်နေသဖြင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရန် အသိပေးထားသည်။
သို့သော်လည်း ပြည်တွင်း၌ အရန်စက်သုံးဆီပမာဏ ရက် ၄၀ စာ ရှိခြင်းနှင့် ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိစေရေး သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်သောကြောင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်စရာမလိုကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
လတ်တလောဖြစ်ပွားနေသည့်အခြေအနေများကြောင့် စက်သုံးဆီပြတ်တောက်မှု မရှိနိုင်သော်လည်း ကမ္ဘာလုံးဆိုင်ရာဖြစ်ပေါ်နေသည့် ကမ္ဘာ့ဈေးနှုန်းနှင့်အညီ စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုအချို့ ဖြစ်လာနိုင်စရာရှိနေကြောင်းနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်ထွန်း၏ စက်သုံးဆီကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားမှုတွင် ထည့်သွင်းပြောကြားထားသည်။
လက်ရှိနိုင်ငံတကာအခြေအနေအရ စက်သုံးဆီချွေတာရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့စက်သုံးဆီဈေး မြင့်တက်နေသော်လည်း မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် အစိုးရကူညီထောက်ပံ့မှုကြောင့် အခြားနိုင်ငံများနှင့် နှိင်းယှဉ်ပါက သင့်တင့်သည့်ဈေးနှုန်းသာ ရှိသေးဟု သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၁၄ ရက်တွင် ပြောကြားထားသည်။



