၁၈.၃.၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် အမျိုးသားလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးကို ယနေ့ မတ် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပနေပြီဖြစ်သည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော် သဘာပတိအဖြစ် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၅) ဒေါ်ဒွဲဘူကို တင်မြှောက်ခဲ့ပြီး အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်သည်။
ယနေ့ အစည်းအဝေးတွင် ရွေးကောက်ခံကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမှုအပြင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အခမ်းအနား အစီအစဉ် ၁၄ ရပ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမျိုးသားလွှတ်တော် သဘာပတိတင်မြှောက်ခြင်းကို ဦးစွာလုပ်ဆောင်ခြင်း ဖြစ်သည်။
ထို့နောက် သဘာပတိက ကတိသစ္စာပြုခြင်း၊ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် အမျိုးသားလွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသားလွှတ်တော်အစည်းအဝေး ပထမနေ့အစီအစဉ် ကြေညာမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း၊ ရွေးကောက်တင်မြှောက်ခံရသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတိုသည် သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် အမျိုးသားလွှတ်တော် သဘာပတိက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များကို နှုတ်ခွန်းဆက်စကား ပြောကြားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြရသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက်က ကျင်းပခဲ့ပြီး နှစ်ရက်မြောက် မတ် ၁၈ ရက်တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ကျင်းပတော့မည်ဖြစ်သည်။
ထိုသို့ တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ တတိယအကြိမ် အမျိုးသားလွှတ်တော်များ စတင်ခေါ်ယူပြီးလျှင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ခေါ်ယူကျင်းပမည့်ရက်ကို ကြေညာခြင်းမရှိသေးကြောင်း သိရသည်။















