
သက်တံ့
၁၅. ၃. ၂၀၂၆
အီရန်၏ အထူးရွေးချယ်ထားသော အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်လိုက်ကြောင်း အီရန်နိုင်ငံပိုင် Fars နှင့် IRNA သတင်းဌာနများက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။
နေတန်ရာဟုကို နောက်ယောင်ခံလိုက်၍ သတ်ဖြတ်သွားမည်ဟု IRGC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည့် ဤကြေညာချက်သည် အီရန်၊ အစ္စရေးနှင့် အမေရိကန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း ညတွင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိ ပဋိပက္ခများသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အစ္စရေးနှင့် အမေရိကန်တို့က အီရန်အပေါ် အကြီးအကျယ် ထိုးစစ်ဆင်နွှဲရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ တီဟီရန်ကလည်း အစ္စရေးနှင့် ဝါရှင်တန်၏ မဟာမိတ် ပင်လယ်ကွေ့နိုင်ငံများကို ပြန်လည်တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
သို့သော် အာရပ်နေ့စဉ်သတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araghchi) က ၎င်းတို့နိုင်ငံအပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး စစ်ပွဲကို “လုံးဝရပ်တန့်ရေး” ပါဝင်သည့် မည်သည့်အဆိုပြုချက်ကိုမဆို စဉ်းစားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
လန်ဒန်အခြေစိုက် Al-Araby al-Jadeed သတင်းဌာန၏ ဖော်ပြချက်အရ အိမ်နီးချင်းနိုင်ငံများက အခြေအနေများ ပြေလျော့စေရန်နှင့် “စစ်ပွဲအဆုံးသတ်ရေး အကြံပြုချက်များ” တင်ပြရန် ကြားဝင်စေ့စပ်ပေးနေကြောင်း အာရက်ချီက ဆိုသည်။ သို့သော် တိုးတက်မှုတစ်စုံတစ်ရာ ရှိမရှိကိုမူ ၎င်းက ထည့်သွင်းပြောကြားခြင်း မရှိပေ။
အာရက်ချီက အိမ်နီးချင်း အာရပ်နိုင်ငံများအပေါ် အီရန်၏ တိုက်ခိုက်မှုများသည် အမေရိကန်အခြေစိုက်စခန်းများနှင့် ပိုင်ဆိုင်မှုများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ထို့ပြင် တီဟီရန်အနေဖြင့် ထိုတိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးရန် အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရန် အသင့်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
အီရန်၏ ရေနံကွန်ရက်အတွက် အရေးပါသော Kharg ကျွန်းကို သောကြာနေ့က ထိမှန်ခဲ့သည့် ဒုံးကျည်များသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ထံမှ လာခြင်းဖြစ်သည်မှာ “ထင်ရှားနေသည်” ဟုလည်း ၎င်းက MS NOW သို့ ပြောကြားခဲ့သည်။
သို့သော် ဂြိုဟ်တုဓာတ်ပုံများအရ ကျွန်းပေါ်ရှိ ရေနံအခြေခံအဆောက်အအုံများမှာ ပျက်စီးခြင်းမရှိဘဲ သင်္ဘောများ ပုံမှန်အတိုင်း ဆီဖြည့်နေသည်ကို တွေ့ရကြောင်း TankerTrackers က ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က စနေနေ့တွင် ပြောကြားရာ၌ အီရန်သည် စစ်ပွဲရပ်တန့်ရန် သဘောတူညီချက် ရယူလိုနေသော်လည်း အမေရိကန်က ပိုမိုကောင်းမွန်သည့် စည်းကမ်းချက်များကို အလိုရှိနေကြောင်း၊ ထို့ကြောင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) တွင် သင်္ဘောသွားလာမှု ရပ်တန့်လုနီးပါး ဖြစ်နေသော ပဋိပက္ခမှာ ဆက်လက်ရှိနေဦးမည်ဟု အရိပ်အယောင်ပြခဲ့သည်။
”အီရန်က သဘောတူညီချက် လိုချင်နေတယ်၊ ဒါပေမဲ့ စည်းကမ်းချက်တွေက မပြည့်စုံသေးလို့ ကျွန်တော်က လက်မခံသေးဘူး” ဟု ထရမ့်ပ်က NBC သို့ ပြောကြားခဲ့သည်။ ခိုင်မာသော သဘောတူညီချက်တွင် တီဟီရန်အနေဖြင့် နျူကလီးယား ရည်မှန်းချက်များကို စွန့်လွှတ်ရန် ကတိကဝတ်ပြုရမည်ဟု ၎င်းက ဆိုသည်။
UAE ကမူ တနင်္ဂနွေနေ့တွင် အီရန်မှ လွှတ်တင်လိုက်သော ဒုံးကျည်များနှင့် ဒရုန်းများကို ကြားဖြတ်ပစ်ချနေကြောင်း၊ ဒူဘိုင်းမြို့အချို့နေရာများတွင် ကြားရသည့် ပေါက်ကွဲသံများသည် ထိုသို့ ပစ်ချရာမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ပဋိပက္ခစတင်ချိန်မှစ၍ အီရန်က လွှတ်တင်ခဲ့သော ဒရုန်း ၁,၆၀၀ နှင့် ဒုံးကျည် ၃၀၀ ကျော်ကို UAE က တားဆီးခဲ့ပြီး ဖြစ်သည်။
ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရီယာ့ဒ်ဒေသနှင့် ရေနံလုပ်ငန်းအများအပြားရှိရာ အရှေ့ပိုင်းဒေသများပေါ်တွင် ဒရုန်း ၁၄ စင်းကို ကြားဖြတ်ပစ်ချခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ အီရန်၏ Fars သတင်းဌာနကမူ ဆော်ဒီကို တိုက်ခိုက်မှုသည် အီရန်နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားသည်။
ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ခဲ့သော ဤစစ်ပွဲကြောင့် အီရန်၏ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အပါအဝင် လူပေါင်း ၃,၇၅၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်သည်။ အီရန်နိုင်ငံအတွင်း၌ ပြီးခဲ့သည့် နှစ်ပတ်အတွင်း လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ လက်ဘနွန်တွင်လည်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူ ၇၀၀ ခန့် သေဆုံးခဲ့သည်။ အမေရိကန်ဘက်တွင်မူ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်။
စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်လာသော်လည်း ထရမ့်ပ်ကမူ စစ်ပွဲပြီးပါက ဈေးနှုန်းပြန်ကျသွားမည်ဖြစ်ကြောင်း ပြောကြားကာ စိုးရိမ်မှုများကို ပယ်ချခဲ့သည်။
Ref: SCMP , DPA & AP
