၁၅. ၃. ၂၀၂၆
MT News Editorial
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် (မနက်ဖြန်) တွင် စတင်မည့် ပြည်သူ့လွှတ်တော်နှင့် မတ်လ ၁၈ ရက်တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးများသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အလွန်အရေးပါသော အချိုးအကွေ့တစ်ခု ဖြစ်သည်။ ငါးနှစ်ကျော်ကြာ ဖော်ဆောင်နိုင်ခြင်းမရှိခဲ့သော လွှတ်တော်သက်တမ်းကို ပြန်လည်စတင်ရာတွင် ရိုးရှင်းသော ဥပဒေပြုရေး လုပ်ငန်းစဉ်များထက် ကျပ်တည်းနေသော ပြည်သူ့လူမှုစီးပွားဘဝကို ကုစားရန်နှင့် ပြိုပျက်လာနေသော နိုင်ငံတော်တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ရန်ဟူသည့် ကြီးလေးသော တာဝန်နှစ်ရပ်ကို တစ်ပြိုင်နက် ထမ်းဆောင်ရမည်ဖြစ်သည်။
လွှတ်တော်သည် အကောင်အထည်ဖော်ရသည့် အဖွဲ့အစည်း မဟုတ်သော်လည်း အစိုးရနှင့် တပ်မတော်ကို လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိစေရန် “အဆို” များဖြင့် တိုက်တွန်းခြင်းနှင့် “မေးခွန်း” များဖြင့် ဖိအားပေးခြင်းဟူသည့် ပြည်သူ့ကိုယ်စားပြု လုပ်ပိုင်ခွင့်ကို အပြည့်အဝ ကျင့်သုံးရန် လိုအပ်သည်။ လက်ရှိတွင် အဆမတန် မြင့်တက်နေသည့် အခြေပစ္စည်း တန်ဖိုးများနှင့် စားဝတ်နေရေး ကျပ်တည်းမှုများကို ဖြေရှင်းရန်မှာ အစိုးရ၏ တာဝန်သာ ဖြစ်သည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တိုင်းပြည်ကို အကောင်းဆုံးထိန်းကျောင်းမည့် အစိုးရအဖွဲ့၏ပဲ့ကိုင်သမ္မတကို မှန်ကန်စွာရွေးချယ်တင်မြှောက်ရမည်ဖြစ်သလို အစိုးရသစ်ကိုလည်း ပြည်သူတို့ လက်လှမ်းမီမည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဦးစားပေး ဘတ်ဂျက်ချထားရန်နှင့် မော်တော်ယာဉ် ဈေးနှုန်း ကျဆင်းစေမည့် လက်တွေ့ကျသော သွင်းကုန်မူဝါဒများ ပြုပြင်ရန် အရေးကြီးအဆိုများ တင်သွင်းကာ တိုက်တွန်းရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အစိုးရ၏ လုပ်ဆောင်ချက်များသည် စာရွက်ပေါ်တွင်သာ ရှိမနေစေဘဲ မြေပြင်တွင် အမှန်တကယ် ပြည်သူများ သက်သာချောင်ချိစေရန် လွှတ်တော်က အနီးကပ် စောင့်ကြည့် စစ်ဆေးခြင်း (Oversight) ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမည်ဖြစ်သည်။ ပြည်သူတို့၏ သက်သာချောင်ချိမှုသည် နိုင်ငံတော် တည်ငြိမ်ရေး၏ အခြေခံအုတ်မြစ် ဖြစ်သည်ကို မမေ့အပ်သလို ပြည်သူတို့ ကြွယ်ဝအေးချမ်းမှသာ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို စိတ်ဝင်စားမှု ကင်းစင်မည်ကိုလည်း သတိချပ်ရမည်ဖြစ်သည်။
သို့သော် စီးပွားရေး တည်ငြိမ်မှုဆိုသည်မှာ နိုင်ငံရေး တည်ငြိမ်မှု ကင်းမဲ့နေပါက ရေရှည်ခိုင်မြဲနိုင်မည် မဟုတ်ပေ။ ကျွန်ုပ်တို့ မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဆီသို့ လျှောက်လှမ်းရာတွင် စစ်မှန်သော ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သည်။ လွှတ်တော်အတွင်း ဆွေးနွေးချက်များသည် ပြည်သူ့စားဝတ်နေရေးဖူလုံမှုသာမက တိုင်းရင်းသားအားလုံး တန်းတူညီမျှ ခံစားနိုင်မည့်၊ ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်မည့် ဖက်ဒရယ်စနစ် ပီပြင်လာစေရေးအတွက် မဟာဗျူဟာမြောက် ဦးတည်ရမည် ဖြစ်သည်။ နိုင်ငံရေးအရ အဖြေရှာနိုင်မှု အားကောင်းလေလေ၊ တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ ပြန်လည်နိုးထလာလေလေ ဖြစ်ပေလိမ့်မည်။
တစ်ဖက်တွင်မူ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လမ်းစဉ်ကို လက်နက်စွဲကိုင်၍ အဟန့်အတား ပြုနေသော၊ ငြိမ်းချမ်းရေးကို မလိုလားသော အဖျက်အမှောင့် အဖွဲ့အစည်းများ၏ လုပ်ရပ်များသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို ပိုမိုနက်ရှိုင်းသော ချောက်ထဲသို့ တွန်းပို့နေသည်။ ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း၊ အခြေခံ အဆောက်အအုံများ ပျက်စီးခြင်းနှင့် ပြည်သူတို့၏ လုံခြုံရေး ခြိမ်းခြောက်ခံရခြင်းများသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အတားအဆီးများ ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်အနေဖြင့် တစ်ဖက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ရမည်ဖြစ်သလို၊ အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်ငြိမ်ရေးကို ကာကွယ်ရန် ငြိမ်းချမ်းရေးမလိုလားသော အဖျက်အမှောင့် အဖွဲ့အစည်းများကို အမြစ်ပြတ် ရှင်းလင်းနိုင်မည့် ထိရောက်သော လုံခြုံရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် အစိုးရကို တောင်းဆိုရမည် ဖြစ်သည်။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို ဖျက်ဆီးနေသည့် အကြမ်းဖက် အဖျက်အမှောင့် လုပ်ရပ်များကို အမြစ်ပြတ် ရှင်းလင်းနိုင်ရန် လွှတ်တော်သည် တပ်မတော်နှင့် အစိုးရအကြား ဟန်ချက်ညီညီ ပေါင်းစပ်ပေးရမည့် နေရာလည်း ဖြစ်သည်။ အစွန်းရောက် အဖျက်သမားများကို ဖယ်ရှားခြင်းသည်သာ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၏ အခြေခံလိုအပ်ချက်ပင် ဖြစ်သည်။
ခြုံငုံကြည့်ပါက လွှတ်တော်သည် ပြည်သူ့အသံကို ပဲ့တင်ထပ်စေသည့် နေရာဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ လုပ်ပိုင်ခွင့်ကို အသုံးချကာ အစိုးရအား စီးပွားရေး ကုစားမှုများ အမြန်လုပ်ဆောင်ရန်နှင့် တပ်မတော်အား နိုင်ငံတော် တည်ငြိမ်ရေးကို ပြတ်သားစွာ ထိန်းသိမ်းရန် တိုက်တွန်း ဖိအားပေးရမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ယခုကျင်းပမည့် လွှတ်တော် အစည်းအဝေးများသည် ပြည်သူတို့၏ စားဝတ်နေရေးသက်သာချောင်ချိမှုအတွက် အဖြေရှာရုံသာမက နိုင်ငံတော်၏ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် လမ်းကြောင်းကိုပါ လမ်းခင်းပေးရမည် ဖြစ်သည်။ လွှတ်တော်၏ မေးခွန်းများနှင့် အဆိုများမှတစ်ဆင့် အစိုးရနှင့် တပ်မတော်ကို ဖိအားပေးတိုက်တွန်းကာ အဖျက်သမားများကို ပြတ်သားစွာ ဖယ်ရှားခြင်းဖြင့် ပြည်သူ့အကျိုးပြု မူဝါဒများကို ထိရောက်စွာ ချမှတ်နိုင်မှသာလျှင် ကျွန်ုပ်တို့ မျှော်မှန်းသော ခေတ်မီဖွံ့ဖြိုးသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အချိန်တိုဖြင့် အရောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း MT News က တင်ပြ တိုက်တွန်းအပ်ပါသည်။
