
၁၅.၃.၂၀၂၆
Written by Linn Eain
မနက်ဖြန် မတ် ၁၆ ရက်တွင် တတိယအကြိမ် ပြည်သူ့ လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးစတင်မည်ဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမှုအပြင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း ကနဦး သိရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက်၊ နံနက် ၁၀ နာရီတွင်စတင်ကျင်းပမည်ဖြစ်ပြီး သဘာပတိတင်မြှောက်ခြင်းကို ဦးစွာလုပ်ဆောင်မည် ဖြစ်သည်။
ယင်းနောက် သဘာပတိက ကတိသစ္စာပြုပြီးနောက် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကာ ပြည်သူ့လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။
ထို့ပြင် အစည်းအဝေး မတက်ရောက်နိုင်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ကြမည်ဖြစ်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့အစီအစဉ် ကြေညာမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်သည်။
အစီအစဉ်အရ ပြည်သူ့လွှတ်တော် သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များကို နှုတ်ခွန်းဆက်စကားပြောကြားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာမည်ဖြစ်ကြောင်း သိရသည်။
