
နေမိုး
၁၅. ၃.၂၀၂၆
ပြည်သူများသွားလာရာလမ်းပေါ် TNLA၊ KNU နှင့် PDF များ မိုင်းထောင်ထား၍ တိုက်မိပေါက်ကွဲမှုကြောင့် အလှူခံထွက်လာသည့် ယာဥ်ပေါ်မှ အမျိုးသမီး နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရမှု မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နှင့် ညောင်ဦးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တို့၌ ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်များမှာ ၂၀၂၆ ခုနှစ်၊ မတ် ၁၃ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာနေ ဒေါ်ညွန့်တင်(၆၂)နှစ်သည် ကျေးရွာအရှေ့မြောက်ဘက်ရှိ ငါးကန်အနီး၌ ကန်စွန်းရွက်ခူးနေစဉ် PDF များ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဆံတော်ရပ်ကွက်နေ ဦးထွန်းလွင်(၆၃)နှစ် မောင်းနှင်ပြီး ပြည်မြို့နေသူများဖြစ်ကြသည့် ဦးရဲဇော်(၃၅)နှစ်၊ ဒေါ်သိမ့်သိမ့်သူ(၃၂)နှစ်နှင့် မဟန်စုစုစံ(၂၅)နှစ်ပါ ၁၁ ဦးတို့ လိုက်ပါလာသည့် အလှူခံ မော်တော်ယာဉ်သည် ပြည်မြို့မှ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာဘက်သို့ မောင်းနှင်ထွက်ခွာလာစဉ် လက်ဝဲကျေးရွာအနီးအရောက်၌ လမ်းဘေးမှ PDF များ ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်ပါလာသူများအနက် ဒေါ်သိမ့်သိမ့်သူနှင့် မဟန်စုစုစံတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးထွန်းလွင်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဇေယျဝတီတိုက်နယ်ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီတွင် ဖြူးမြို့နယ်၊ ဂရမ်မတီးကျေးရွာနေ ဒေါ်ကမာလုပ်သီး(၄၀)နှစ်နှင့် ဒေါ်ကျန်ဒရာဝသီး(၃၅)နှစ်တို့သည် ဂရမ်မတီးကျေးရွာမှ လှေဆွဲမြောင်းကျေးရွာသို့ ခြေလျင်ထွက်ခွာလာစဉ် လှေဆွဲမြောင်းကျေးရွာအရှေ့ဘက် နှစ်မိုင်ခွဲခန့်အကွာအရောက်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ညနေ ၅ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာနေ ဒေါ်ငြိမ်းဆွေ(၅၈)နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF များ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
