သက်တံ့
၁၅. ၃. ၂၀၂၆
ဘရာဇီးရုပ်ကြွင်းပညာရှင်များသည် ဧရာမဒိုင်နိုဆောမျိုးစိတ်သစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ရာ ၎င်းသည် ရှေးဦးသမိုင်းမတင်မီခေတ်က တောင်အမေရိက၊ အာဖရိကနှင့် ဥရောပတိုက်တို့သည် ကုန်းလမ်းကြောင်းများဖြင့် တစ်ဆက်တစ်စပ်တည်း ရှိခဲ့ဖူးကြောင်း အရေးကြီးသည့် အထောက်အထားသစ်များကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။
အသစ်ရှာဖွေတွေ့ရှိခဲ့သည့် ‘Dasosaurus tocantinensis’ အမည်ရှိ ဒိုင်နိုဆောမျိုးစိတ်သစ်သည် အရှည် ၂၀ မီတာ (၆၆ ပေ) ခန့်ရှိပြီး စပိန်နိုင်ငံတွင် တွေ့ရှိရသည့် ဒိုင်နိုဆောမျိုးနွယ်များနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိနေသည်။
Dasosaurus tocantinensis ဟု အမည်ပေးထားသည့် အဆိုပါ အပင်စားဒိုင်နိုဆောသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၁၂၀ ခန့် (Early Cretaceous ကာလ) က ကမ္ဘာပေါ်တွင် ကျက်စားခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ရုပ်ကြွင်းများကို ၂၀၂၁ ခုနှစ်အတွင်းက ဘရားဇီးနိုင်ငံ အရှေ့မြောက်ပိုင်း မာရန်ဟောင် (Maranhão) ပြည်နယ်ရှိ အခြေခံအဆောက်အအုံ လုပ်ငန်းခွင်တစ်ခုတွင် စတင်တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရှာဖွေတွေ့ရှိမှု၏ အဓိကအချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –
ဧရာမအရွယ်အစား ◾ သုတေသီများသည် ၁ ဒသမ ၅ မီတာ(၅ ပေခန့်) ရှည်သော ပေါင်ရိုး (Femur) ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းကိုအခြေခံ၍ တွက်ချက်ကြည့်ရာ အဆိုပါသတ္တဝါသည် ခေါင်းမှ အမြီးအထိ အရှည် ၂၀ မီတာခန့် ရှိနိုင်ကြောင်း ခန့်မှန်းရသည်။
ဥရောပနှင့် ဆက်နွယ်မှု ◾ Journal of Systematic Palaeontology တွင် ဖော်ပြထားသော လေ့လာချက်အရ ဤမျိုးစိတ်သည် စပိန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် Garumbatitan morellensis ဒိုင်နိုဆောနှင့် အနီးစပ်ဆုံး ဆွေမျိုးတော်စပ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
ရှေးဟောင်း ရွှေ့ပြောင်းအခြေချမှု ◾ ဤတွေ့ရှိချက်များအရ အဆိုပါဒိုင်နိုဆောမျိုးနွယ်များသည် ဥရောပမှ မြစ်ဖျားခံခဲ့ပြီး လွန်ခဲ့သော နှစ်သန်းပေါင်း ၁၃၀ ခန့် (အတ္တလန္တိတ်သမုဒ္ဒရာ လုံးဝမခြားမီ) က အာဖရိကမြောက်ပိုင်းမှတစ်ဆင့် တောင်အမေရိကသို့ ကူးသန်းသွားလာခဲ့ဖွယ်ရှိကြောင်း ယူဆရသည်။
ရှေးခေတ်ကာလ မြေမျက်နှာသွင်ပြင် ◾ လွန်ခဲ့သော နှစ်သန်းပေါင်း ၁၃၀ ခန့်ကို တွက်ဆထားသော ခန့်မှန်းကမ္ဘာ့မြေပုံသည် ယနေ့ခေတ်နှင့်မတူဘဲ တောင်အမေရိကနှင့် အာဖရိကတိုက်တို့မှာ တစ်ကြောတည်း ကပ်လျက်ရှိနေခဲ့သည်။ ထိုစဉ်က အတ္တလန္တိတ်သမုဒ္ဒရာမှာ ယခုကဲ့သို့ ကျယ်ပြန့်ခြင်းမရှိသေးဘဲ အဆိုပါတိုက်ကြီးနှစ်ခုကြားတွင် ကျဉ်းမြောင်းသော အခြေအနေသာရှိနိုင်သလို ကုန်းမြေချိတ်ဆက်မှုများ ရှိနေခဲ့ခြင်းကြောင့် ဥရောပမှ ဒိုင်နိုဆောများသည် အာဖရိကမြောက်ပိုင်းမှတစ်ဆင့် တောင်အမေရိကသို့ ကုန်းလမ်းအတိုင်း ကူးသန်းသွားလာနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပညာရှင်များက ရှင်းပြသည်။
Santa Maria ဖက်ဒရယ်တက္ကသိုလ်မှ ရုပ်ကြွင်းပညာရှင် Leonardo Kerber က “တူးဖော်မှုတိုးတက်လာတာနဲ့အမျှ ပေါင်ရိုးရဲ့ အရွယ်အစားကတင် ကျွန်တော်တို့ဟာ ဧရာမသတ္တဝါကြီးတစ်ကောင်ကို ကိုင်တွယ်နေရပြီဆိုတာ ရှင်းရှင်းလင်းလင်း သိသာလာစေခဲ့ပါတယ်။ ဒီနေ့မှာတော့ Dasosaurus ဟာ ဘရာဇီးမှာ ရှာဖွေတွေ့ရှိခဲ့သမျှထဲမှာ အကြီးမားဆုံး ဒိုင်နိုဆောတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရပါပြီ” ဟု ပြောကြားခဲ့သည်။
အဆိုပါ မျိုးစိတ်သစ်ကို ရုပ်ကြွင်းတွေ့ရှိရာနေရာအနီးရှိ အဓိကရေလမ်းကြောင်းဖြစ်သော တိုကန်တင်း (Tocantins) မြစ်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး ၎င်းဒေသသည် ရှေးဦးဇီဝမျိုးကွဲလေ့လာမှုကဏ္ဍတွင် အရေးပါသောနေရာဖြစ်ကြောင်း ပိုမိုခိုင်မာစေခဲ့သည်။
Ref: The Nation Thailand
