၁၁.၃.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်နှင့် အစ္စရေးတို့နှင့် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲအတွင်း အီရန်နိုင်ငံ၏ ရန်သူများအတွက် သူလျှိုလုပ်ပေးနေသည်ဟု စွပ်စွဲခံရသော နိုင်ငံခြားသားတစ်ဦး အပါအဝင် လူ အများအပြား ပါဝင်သည့် သူလျှိူကွန်ရက်တစ်ခုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း အီရန်ထောက်လှမ်းရေး ဝန်ကြီး ဌာနက မတ်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနှင့် တပ်မှူးများစွာကို သေဆုံးစေခဲ့သည်။
လက်ရှိစစ်ပွဲအတွင်း အီရန်ကလည်း အမေရိကန်၏ မဟာမိတ်များဖြစ်ကာ အမေရိကန်စစ်စခန်းများကို လက်ခံထားသည့် ပင်လယ်ကွေ့နိုင်ငံများကို လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဖမ်းဆီးခံခဲ့ရသော နိုင်ငံခြားသား၏ နိုင်ငံသားဖြစ်မှုကို မဖော်ပြဘဲ အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနက နိုင်ငံခြားသားသည် “အမေရိကန်နှင့် အစ္စရေးကိုယ်စား သူလျှိုလုပ်နေပြီး ပင်လယ်ကွေ့နိုင်ငံနှစ်ခုအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသည်” ဟု နိုင်ငံပိုင်မီဒီယာများတွင် ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ်များအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်သည် နှစ်နိုင်ငံသားခံယူထားသူများနှင့် နိုင်ငံခြားသားများစွာကို ဖမ်းဆီးခဲ့ပြီး အများစုမှာ သူလျှိုလုပ်ငန်းနှင့် လုံခြုံရေးဆိုင်ရာစွဲချက်များဖြင့် စွဲ ဆိုခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့များက အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် လိမ်လည်လှည့်ဖြားထားသော လုံခြုံရေးစွဲချက်များဖြင့် ဖမ်းဆီးမှုများမှတစ်ဆင့် အခြားနိုင်ငံများမှ ဖြေလျှော့လိုက်လျောမှုများရရှိရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့ကြသည်။ အီရန်အစိုးရကလည်း နိုင်ငံရေးအကြောင်းပြချက်များကြောင့် လူများကို ဖမ်းဆီးခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ထောက်လှမ်းရေးဝန်ကြီးဌာနက အစ္စရေးနှင့် အမေရိကန်တို့၏ သူလျှိုအယောက် ၃၀၊ ပြည်တွင်း ကြေးစား စစ်သားများနှင့် စစ်ဆင်ရေးအေးဂျင့်များကို ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဖမ်းဆီးခဲ့ကြောင်း လည်း ပြောကြားခဲ့သည်။
အီရန်ရဲတပ်ဖွဲ့အကြီးအကဲ အာမက်ဒရီဇာ ရာဒန်ကလည်း ရန်လိုသော မီဒီယာများနှင့် ရန်သူများထံ အီရန်၏ ပြည်တွင်းအချက်အလက်များကို မျှဝေနေသော လူ ၈၁ ဦးခန့်ကို ဖမ်းဆီးထားကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားသို့ သီးခြားအနေဖြင့် ပြောကြားခဲ့သည်။ ၎င်းက ဖမ်းဆီးမှုအတွက် အခြားအချက် အလက်များကိုမူ မပြောကြားခဲ့ပေ။
Ref-Reuters
