၁၁. ၃. ၂၀၂၆
Translated by Thettant
အရှေ့အလယ်ပိုင်းဒေသကနေ ဥရောပဘက်ဆီ ခရီးစဉ်တွေ ပြောင်းလဲလာကြတဲ့ ခရီးသည်တွေရဲ့ အဆမတန်များပြားလာတဲ့ ဝယ်လိုအားနဲ့ မြင့်တက်လာတဲ့ စက်သုံးဆီစရိတ်တွေကို ပြန်လည်ခုနှိမ်နိုင်ဖို့အတွက် လေယာဉ်လက်မှတ်ခဈေးနှုန်းတွေကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်တယ်လို့ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (THAI) ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် (CFO) ဖြစ်သူ Cherdchom Thetsathirasak က ပြောကြားလိုက်ပါတယ်။
ဒီလအတွင်း ဥရောပကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်အများစုဟာ ခရီးသည်တင်ဆောင်နိုင်မှု ပမာဏရဲ့ ၉၀ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိနေပြီဖြစ်တယ်လို့ ဒီနေ့ မတ်လ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူများဆိုင်ရာ ဗီဒီယိုကွန်ဖရင့်တစ်ခုမှာ Cherdchom က ပြောခဲ့တာပါ။ အကယ်၍ ရေနံဈေးနှုန်းတွေ ဆက်ပြီးတက်နေမယ်ဆိုရင် လေယာဉ်လက်မှတ်ကြိုတင်ဝယ်ယူထားသူတွေဆီကနေ စက်သုံးဆီဝန်ဆောင်ခ (Fuel Surcharge) ကို ထပ်ပြီးကောက်ခံဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။
“ခရီးသွားဖို့ စီစဉ်ထားတဲ့ ခရီးသည်တွေအနေနဲ့ လက်မှတ်ခတွေ ထပ်မတက်ခင်မှာ အမြန်ဆုံး ကြိုတင်ဝယ်ယူထားသင့်ပါတယ်။ နောက်လာမယ့် နှစ်ပတ်အတွင်းမှာ ဥရောပခရီးစဉ်တွေရော တခြားခရီးစဉ်တွေမှာပါ လက်မှတ်ရဖို့ အတော်လေး ခက်ခဲသွားပါလိမ့်မယ်” လို့ သူမက သတိပေးထားပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ရေနံစိမ်းဈေးကွက် မတည်မငြိမ်ဖြစ်နေပြီး လေယာဉ်ဆီဈေးနှုန်းတွေ မြင့်တက်လာတာဟာ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလိုင်းတွေအတွက် လုပ်ငန်းလည်ပတ်မှုစရိတ် အကြီးမားဆုံး ဖိအားတစ်ခု ဖြစ်နေပါတယ်။
လေကြောင်းလိုင်းတွေဟာ လက်မှတ်ခတွေနဲ့ လေယာဉ်ဆီဝန်ဆောင်ခတွေကို တိုးမြှင့်ခြင်းနဲ့ တုံ့ပြန်နေကြပြီး ခရီးသွားလာလိုသူတွေကတော့ လက်မှတ်ခဈေးကြီးတာကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်ခံနေရပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ ခရီးသွားလာမှု ဝယ်လိုအားကတော့ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်ခိုင်မာနေဆဲ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း အခြေအနေတွေဟာ မတည်မငြိမ်ဖြစ်နေတာကြောင့် ဒုတိယသုံးလပတ်အတွက် ခရီးသည်ဝယ်လိုအား အခြေအနေကို ခန့်မှန်းပြောဆိုဖို့ စောလွန်းသေးတယ်လို့လည်း သူမက ဆိုပါတယ်။
ထိုင်းလေကြောင်းလိုင်းဟာ ၂၀၂၅ ခုနှစ်အတွက် စုစုပေါင်း အသားတင်အမြတ်ငွေ ဘတ် ၃၀ ဒသမ ၉ ဘီလျံ ရရှိခဲ့ပြီး၊ ယခင်နှစ်က ဘတ် ၂၆ ဒသမ ၉ ဘီလျံ အရှုံးပေါ်ခဲ့ရာကနေ အမြတ်ငွေ ပြန်လည်ရရှိလာတာ ဖြစ်ပါတယ်။ ဝင်ငွေအနေနဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာပြီး ဘတ် ၁၉၀ ဘီလျံ ရရှိခဲ့တဲ့အတွက် ကိုဗစ်ကာလအတွင်း ရင်ဆိုင်ခဲ့ရတဲ့ ကြွေးမြီပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်တွေကနေ တဖြည်းဖြည်းချင်း ပြန်လည်ဦးမော့လာနေတာကို တွေ့ရှိရပါတယ်။
Ref : Bangkok Post
