၂၄. ၂. ၂၀၂၃
MT News
ရွှေဆိုင်နှင့် ရွှေကုန်သည်များအားလုံး ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၇၉၀,၀၀၀ ဈေးဖြင့်သာ ရောင်းချရန် ထုတ်ပြန်ထားမှု နှစ်ရက်ကျော်ရှိပြီဖြစ်သော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းမှုမရှိဘဲ ကျပ် ၂၈ သိန်းခွဲအထက်မှာပင် ဆက်ရှိနေကြောင်း သိရသည်။
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ မီးလင်းအခေါက်ရွှေအား တစ်ကျပ်သားလျှင် ကျပ် ၂,၇၉၀,၀၀၀ ဈေးနှုန်းဖြင့် ရွှေဆိုင်များနှင့် ရွှေကုန်သည်များအားလုံး တစ်ပြေးညီရောင်းချကြရန် ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သတ်မှတ်ရည်ညွှန်း ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၁၄၅,၃၀၀ သာရှိသော်လည်း ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၈၅၅,၀၀၀ ဖြင့် အမြင့်ဈေးမှာပင် ဆက်ရှိနေခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းလျက်ရှိပြီး ဇန်နဝါရီလကုန်ပိုင်းနှင့်နှိုင်းယှဉ်ပါက ဖေဖော်ဝါရီ ၂၂ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ဒေါ်လာ ၇၀ ခန့်အထိ ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ ကျဆင်းမှုမရှိဘဲ အမြင့်ဈေးနှုန်းမှာပင် ဆက်ရှိနေခြင်းလည်းဖြစ်သည်။
ပြင်ပဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်းများသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၂,၈၆၂,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂,၈၇၅ ကျပ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၂,၈၆၀,၀၀၀ ကျပ်၊ ဒေါ်လာဈေး ၂,၈၇၅ ကျပ်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၂,၈၅၇,၀၀၀ ကျပ်၊ ဒေါ်လာဈေး ၂,၈၇၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။
