၂၀၁၉ ခုနှစ်က အမျိုးသားဒီမိုကရေစီပါတီသစ်ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သော အခမ်းအနား တစ်ခု မြင်ကွင်း

၂၄. ၂. ၂၀၂၃
Written by Peya

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသည့် ဦးသိန်းညွန့် က ဥက္ကဌ အဖြစ် ဦးဆောင်ခဲ့သော အမျိုးသားဒီမိုကရေစီ ပါတီသစ် က လာမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပါတီ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားလိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY) သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး မှတ်ပုံတင်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိတွင် ဗဟိုအကြံပေးအဖွဲ့ဝင် အဖြစ် ဦးသိန်းညွန့် က နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေသည့်အတွက် ပါတီဝင်အဖြစ် ရှိနေကြောင်းလည်း သိရသည်။

“လောလောဆယ် ကျွန်တော်တို့က ရွေးကောက်ပွဲကတော့ ဝင်မှာပါ။ ဒါပေမယ့် ကိုယ်စားလှယ်လောင်း ဘယ်နှစ်ယောက်လဲ ဆိုတာက မဆုံးဖြတ်ရသေးဘူး။ ဘာလို့လည်းဆိုတော့ အခုဟာက ပါတီက အသစ်ပြန်ပြီး မှတ်ပုံတင်ရတာ အရင်ပုံစံတွေနဲ့ ပြောင်းသွားတာရှိတော့ လောလောဆယ် ပါတီ တည်ဆောက်ရေးကိုပဲ ဦးစားပေးပြီး လုပ်ပါမယ်။ ပါတီဝင်ဦးရေ တစ်ထောင်ကတော့ အရင်အဟောင်းတည်းက ရှိပြီးသားဆိုတော့ အဓိကတော့ သတ်မှတ်ထားတဲ့ မြို့နယ် ၅ မြို့နယ်မှာ ရုံးခန်း ဖွင့်ဖို့ရယ်၊ ဆိုင်းဘုတ်တင်နိုင်ဖို့ရယ်၊ ပါတီကို ကျစ်ကျစ်လစ်လစ်ဖြစ်ဖို့ရယ် လုပ်မှာပါ။ ရွေးကောက်ပွဲအတွက်ကတော့ ပြင်ဆင်မှာပါ” ဟု အဆိုပါ ပါတီမှ အဖွဲ့ခေါင်းဆောင် (၂) ဦးခိုင်မင်း က ပြောသည်။

တိုင်းပြည်အနေဖြင့် ရွေးကောက်ပွဲ နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ပြောင်းလဲသွားခြင်းမှာ ပြည်သူအားလုံးအတွက် ပိုကောင်းပြီး အမြန်ဆုံး တည်ငြိမ်ရေး နှင့် လုံခြုံမှုရှိရေးကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းဆောင်ရွက်သွားရန်လည်း စဉ်းစားထားကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည့် ပါတီမှာ ကိုးပါတီ ရှိနေပြီ ဖြစ်ကာ အဆိုပါ ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ နှင့် အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY) တို့ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *