သတိုး
၇. ၂. ၂၀၂၆
ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီယာဗလီတစ်ခုတွင် ယမန်နေ့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း လူ ၃၁ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် အသေခံဗုံးခွဲမှုကို ဆွန်နီအစွန်းရောက် မွတ်စလင်အဖွဲ့ဖြစ်သော အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံလိုက်သည်။
ယင်းဖြစ်ရပ်သည် အစ္စလာမ္မာဘတ်မြို့ပြင်ရှိ Imam Bargah Qasr-e-Khadijatul Kubra ဗလီတွင် သောကြာနေ့ဝတ်ပြုစဉ် ဖြစ်ပွားခဲ့ပြီး အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံးကာ ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ဖွယ်ရှိနေသလို အဆိုပါ တိုက်ခိုက်မှုသည် ၂၀၀၈ ခုနှစ် Marriott ဟိုတယ် ဗုံးခွဲမှုနောက်ပိုင်း အစ္စလာမ္မာဘတ်မြို့တွင် ဖြစ်ပွားခဲ့သော အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်သည်။

ဗုံးခွဲမှုမှာ ဗလီအတွင်း ဝတ်ပြုသူများဖြင့် ပြည့်နှက်နေသော သောကြာနေ့ ဝတ်ပြုချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးသတင်းရင်းမြစ်များ၏ အဆိုအရ တိုက်ခိုက်သူသည် ဗလီဝင်ပေါက်တံခါးဝတွင် တားဆီးခံရစဉ် မိမိကိုယ်ကိုယ် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။
မျက်မြင်သက်သေတစ်ဦးဖြစ်သူ အီမရန် မာမွတ် (Imran Mahmood) က ဗုံးခွဲသူနှင့် ဗလီရှိ စေတနာ့ဝန်ထမ်း လုံခြုံရေးများကြား သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရနေသော စေတနာ့ဝန်ထမ်းတစ်ဦးက ဗုံးခွဲသူ၏ ပေါင်ကို နောက်ကျောမှ လှမ်းပစ်နိုင်ခဲ့သော်လည်း တိုက်ခိုက်သူမှာ ရှေ့သို့ ဆက်တိုးလာပြီး ဗုံးကို ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ် (Shehbaz Sharif) က ယခုတိုက်ခိုက်မှုနောက်ကွယ်မှ လက်သည်များကို ဖော်ထုတ်ကာ တရားစီရင်သွားမည်ဟု ကတိပြုထားပြီး၊ ဒုတိယဝန်ကြီးချုပ် အစ်ရှတ် ဒါး (Ishaq Dar) ကမူ ဤလုပ်ရပ်မှာ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှုဖြစ်ပြီး အစ္စလာမ်တရားတော်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်” ဟု ပြစ်တင်ရှုတ်ချခဲ့သည်။
အစ္စလာမ္မစ်အစွန်းရောက် ဆွန်နီအကြမ်းဖက် IS အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေစိုက်စခန်းများ ဆုံးရှုံးခဲ့သော်လည်း အာဖရိက၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင် အခိုင်အမာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ပါကစ္စတန်သည် ဆွန်နီမွတ်စလင် အများစုဖြစ်သဖြင့်လည်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်ရှိသော ရှီယာမွတ်စလင်များသည် ယခင်ကတည်းက တိုက်ခိုက်မှုများ၏ ပစ်မှတ်ထားခြင်းကို ခံနေရခြင်းဖြစ်သည်။

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များသည် လက်ရှိတွင် အာဖဂန်နစ္စတန် နယ်စပ်တလျှောက်ရှိ ခွဲထွက်ရေး သူပုန်များနှင့် အပြင်းအထန် တိုက်ခိုက်နေရသည်။ ပြီးခဲ့သည့် အပတ်ကလည်း ဘာလိုချီစတန် (Balochistan) ပြည်နယ်တွင် ခွဲထွက်ရေးသူပုန်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့သည်။
သောကြာနေ့က ဖြစ်ပွားခဲ့သည့် ဗလီဗုံးခွဲမှုသည် မြို့တော်၏ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်လာပြီး သေဆုံးသွားသူအချို့အတွက် ဈာပနအခမ်းအနားများကို ယနေ့ စနေနေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

Ref : FRANCE 24 with AFP and Reuters
