






၁.၂.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံအတွင်းရှိ သက်ကြီးလူရွှင်တော်ကြီးတွေ၊နေထိုင်ဖို့ အခက်အခဲရှိတဲ့ လူရွှင်တော်တွေအတွက် လူရွှင်တော်ရွာအတွင်း လုံးချင်းအိမ်ရာတွေ စတင်ဆောက်ဖို့ ပန္နက်တော်တင်အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ (၄၉) ရပ်ကွက် အောင်ဆန်းသူရိယလှသောင်းလမ်းရှိ မိဘကျေးဇူးဆပ်ဘုရားဝင်းဘေးမှာ ကျင်းပခဲ့ပါတယ်။
ဒီအိမ်ရာစီမံကိန်းမှာ လစဉ်ကျပ် သုံးသောင်းပေးသွင်းရုံနဲ့ နေထိုင်စရာခက်ခဲနေတဲ့ လူရွှင်တော်တွေအတွက် တိုက်ခန်းများပေးအပ်နိုင်ဖို့ ဟာသပညာရှင်များအစည်းအရုံးက စတင်စီမံထားတာလည်းဖြစ်ပါတယ်။
“ဒီနေ့ကတော့ ကျွန်တော်တို့ လူရွှင်တော်လောကမှာ ပထမဦးဆုံးတွေ့ကြုံရတဲ့ လူရွှင်တော်ရွာကိုတည်ဆောက်ခြင်း ပန္နက်တင်အခမ်းအနားပါ။ လူရွှင်တော်ရွာဆိုလို့ လုံးချင်းအိမ်လို့ထင်ကြမှာပေါ့။ မြန်မာလူမျိုးတွေဖြစ်လို့ မြန်မာနဲ့ရွာဆိုတာ ဒွန်တွဲနေတာပါ။ တကယ်တော့ တည်ဆောက်မှာက ငါးလွှာတိုက်ခန်းပါ။ ဒါပေမယ့် လူရွှင်တော်တွေနဲ့ အပ်စပ်တာလေးမို့ လူရွှင်တော်ရွာလို့ပေးလိုက်တာပါ။ ကျွန်တော်တို့ကလည်း အိမ်ပိုင်မရှိသေးတဲ့ လူရွှင်တော်ကြီးတွေ၊ သက်ကြီး ကန်တော့ခံ လူရွှင်တော်ကြီးတွေကို ဦးစားပေးထားတာပါ။ အသက် ၇၀ ကျော်၊ ၈၀ဆိုတော့အလုပ်အကိုင်လည်း မရှိတော့ဘူးဆိုတော့လေ။ စားဖို့တောင် အနိုင်နိုင်၊ အိမ်လခပေးဖို့လည်း မလွယ်တာမို့ပါ။ တိုက်ခန်းတွေမှာ တစ်လကို ကျပ် သုံးသောင်းပေးသွင်းပြီး နေထိုင်ခွင့်ရမှာပါ”လို့ လူရွှင်တော် အုန်းသီးက ပြောပါတယ်။
အဆိုပါ မြေ ငါးဧကပေါ်မှာ ငါးလွှာတိုက်ခန်း ခြောက်လုံးကို ပြည်သစ်စံ ကုမ္ပဏီက လောလောဆယ်တည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။ ယခုလက်ရှိအိမ်ရာစီမံကိန်း တိုက်ခန်းတွေမှာ လူရွှင်တော်များအနေနဲ့ ပေါင်နှံရောင်းချခွင့်မရှိဘဲ မိသားစုနဲ့ ဆွေစဉ်မျိုးဆက်နေ့ထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
နေအိမ်အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်လစဉ်ကြေးပေးသွင်းငွေတွေကို လူရွှင်တော်သက်ကြီးပူဇော်ပွဲတွေမှာ ပြန်လည်အသုံးပြုသွားမယ်လို့ သိရပါတယ်။
