




၂၄.၁.၂၀၂၆
Written by Thiri
စက်ဘီးနဲ့ အလုပ်က ပြန်လာသူအမျိုးသားတစ်ဦးကို ကားတစ်စီးက တိုက်ကာ နောက်တစ်စီးကပါ ထပ်ကြိတ်မိလို့ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီဝန်းကျင်က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကနောင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ယာဉ်တိုက်ကြိတ်ခံရသူက အသက် ၃၅ နှစ်အရွယ်အမျိုးသားလို့သိရှိရပြီး ရွှေပြည်သာဘက်အခြမ်းတံတားပေါ်အတက်မှာ တွဲကားနဲ့ ကုန်တင်ကားက တိုက်ကြိတ်မိကာ အဆိုပါကားနှစ်စီးစလုံးကိုလည်း ထိန်းသိမ်းထားရှိတယ်လို့ သိရပါတယ်။
ကနောင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ” တွဲကားက တိုက်ပြီး ကုန်ကားက ကြိတ်တာလား၊ကုန်ကားက တိုက်ပြီး တွဲကားကကြိတ်တာလား ၊ မသိပါဘူး ။ ၂ စီးလုံးကိုတော့ ဖမ်းထားပါတယ်။ ကျွန်တော်တို့အသင်း တစ်သင်းထဲတော့မဟုတ်ဘူး၊ အခြားမိတ်ဖက်အသင်းတွေလည်းလာကြတယ်။ တိုက်မိတဲ့သူက အတော်ဆိုးဆိုးရွားရွားခန္ဓာကိုယ် ပျက်စီးသွားတာ။ ခေါင်းက ဦးနှောက်တွေထွက်တယ်။ လျှာလည်း ပြတ်ထွက်၊ လက်တွေလည်း ကျိုးပြတ်တာမျိုးဖြစ်တော့ တစ်စစီတော့ အင်္ဂါစုံအောင်ရှာဖွေ ကောက်ယူထုပ်ပိုးပေးခဲ့ပါတယ်။” လို့ MT News ကို ပြောပါတယ်။
အခင်းဖြစ်နေရာမှာ သက်ဆိုင်တာဝန်ရှိသူတွေရဲ့ စစ်ဆေးဆောင်ရွက်မှုတွေအပြီး လူမှုကူညီရေးအသင်းတွေက အချို့ ခန္ဓာကိုယ် အပိုင်းစတွေကောက်ယူကာ၊ အညစ်အကြေးတွေကို သေချာရှင်းလင်းပြီး သဲတွေနဲ့ ဖုံးအုပ်ပေးတာတွေ ပြုလုပ်ခဲ့ပေးခဲ့တယ်လို့သိရပါတယ်။ သေချာ ကောက်ယူထုပ်ပိုးထားတဲ့ ရုပ်အလောင်းကို လှိုင်သာယာဆေးရုံဆီ ကနောင် လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
