



၂၄.၁.၂၀၂၆
Written by KL
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်လက်တက်တွင် ရေဆင်းကူးရာမှ ရေနစ်ကာပျောက်ဆုံးနေသော အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၉ နာရီခန့်က အမှတ် (၄) ရပ်ကွက်အနီး သံလွင်မြစ်လက်တက်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းဆယ်ယူရာတွင် ကူညီဆောင်ရွက်ပေးသည့်မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ ကရင်ပြည်နယ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အမှတ် (၄)ရပ်ကွက်တွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် ကိုစောမြင့်မြတ်ကျော်မှာ သူငယ်ချင်းတစ်ဦးနှင့်အတူ သံလွင်မြစ်လက်တက်တွင် ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီခန့်က ရေဆင်းကူးရာမှ ရေနစ်ကာပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။
ရေနစ်ပျောက်ဆုံးသူကို မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ ကရင်ပြည်နယ် RESCUE DIVER TEAM မှ အဖွဲ့ဝင် ၁၂ ဦးခန့်နှင့် ကရင်ပြည်နယ် မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဇန်နဝါရီလ ၂၃ ရက် နံနက်ပိုင်းက ရှာဖွေခဲ့ရာ နံနက် ၉ နာရီတွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
“သူရေနစ်တဲ့နေရာနဲ့ ၁၀ ကိုက်အကွာ ရေအောက် ၁၅ ပေအကွာလောက်မှာ ပြန်တွေ့တာပါ”ဟု ကယ်ဆယ်ရေးတွင် ပါဝင်သည့် မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)မှ အဖွဲ့ဝင်များက ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
