၂၂. ၂. ၂၀၂၃
Written by Ye Kyaw
ရွှေဆိုင်နှင့် ရွှေကုန်သည်များအားလုံး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၇၉၀,၀၀၀ ဈေးနှုန်းဖြင့်သာ ရောင်းချရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ လမ်းညွှန်ချက်အရ မီးလင်းအခေါက်ရွှေအား တစ်ကျပ်သားလျှင် ကျပ် ၂,၇၉၀,၀၀၀ ဈေးနှုန်းဖြင့် ရွှေဆိုင်များနှင့် ရွှေကုန်သည်များအားလုံး တစ်ပြေးညီရောင်းချကြရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၂ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၁၆၃,၀၀၀ သာရှိသော်လည်း ပြင်ပဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂,၈၆၀,၀၀၀ အထိရှိခဲ့ပြီး ရည်ညွှန်းရွှေဈေးထက် ကျပ်ခုနှစ်သိန်းခန့် ကွာဟမှုရှိနေသည်။
ပြည်တွင်းရွှေစျေးမှာ အမြင့်ပိုင်းတွင် ဆက်ရှိနေသော်လည်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလျက်ရှိပြီး ဇန်နဝါရီလကုန်ပိုင်းနှင့် နှိုင်းယှဥ်ပါက ဖေဖော်ဝါရီ ၂၂ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ဒေါ်လာ ၈၀ ခန့်အထိ ကျဆင်းနေသည့်အချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းမှာ ကျဆင်းမှုမရှိဘဲ အမြင့်ဈေးနှုန်း ကျပ် ၂,၈၆၀,၀၀၀ ဝန်းကျင်၌ပင် ဆက်လက်ရှိနေသည်။
