၂၂. ၁. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP)နှင့် ဘယ်လာယာရပ်စ် (Belaya Rus) ပါတီတို့အကြား ပါတီချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ လက်မှတ်ရေးထိုးခြင်းမှတစ်ဆင့် လူငယ်များ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်နှင့် အိုင်တီနည်းပညာကဏ္ဍများတို့တွင် အတွေ့အကြုံများ အပြန်လှန်ဖလှယ်ဆွေးနွေးသွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
အဆိုပါ ပါတီနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ရေးထိုးခြင်းကို ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီ ဥက္ကဋ္ဌ REM Olga Chemodanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီတို့ ယနေ့တွင် ရန်ကုန်မြို့ရှိ Sky Star Hotel ၌ တွေ့ဆုံဆွေးနွေးကာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတကာဆက်ဆံရေးကို ဒီကာလမှာ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်အောင် ကျွန်တော်တို့မှာရှိတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေ၊ မီဒီယာတွေ ဒါတွေဟာ နိုင်ငံတကာနဲ့ဆက်ဆံပြီး ပိုမိုကျယ်ပြန့်ပြီးတော့ နိုင်ငံအတွက် အကျိုးပြုနေတာပေါ့ဗျာ။ ဒီအတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်ကို ချဲ့နေတာ။ ကျွန်တော်တို့ကြတော့ နိုင်ငံရေးပါတီပေါ့ဗျာ။ ပါတီပိုင်းတွေပဲ ဆွေးနွေးကြတာပေါ့။ နိုင်ငံတော်အစိုးရကတော့ ဘယ်လာရုစ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့သဘောရှိတယ်လေ။ ဘယ်လာရုစ်က သမ္မတကြီးတောင် လာသွားသေးတာပဲ။ ကျွန်တော်တို့နဲ့ဆွေးတာကတော့ နောက်ပိုင်းလူငယ်ဖိုရမ်တွေ လုပ်တဲ့အခါမှာ သူတို့မှာ လူငယ်စင်တာရှိတယ်။ ကျွန်တော်တို့ နိုင်ငံအသီးသီးက လူငယ်တွေကို စိုက်ပျိုးရေးပညာရှင်၊ မွေးမြူရေးပညာရှင်၊ အိုင်တီပညာရှင် စသည်ဖြင့် စီးပွားရေးလုပ်ငန်းရှင် အဲလိုလူတွေကို ဖိတ်ပြီးတော့ ဟိုမှာ ရက်ရှည်လများ လေ့လာခိုင်းမယ်။ သူတို့ဆီမှာရှိတဲ့အတွေ့အကြုံတွေကို ပြောမယ်။ ပြီးတော့အပြန်အလှန် စိုက်ပျိုးရေးကဏ္ဍပါမကဘူးပေါ့။ အပြန်အလှန် အမြင်ချင်းဖလှယ်ပြီးတော့ အမြင်ချင်းဖလှယ်သွားမယ်” ဟု USDP ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
အဆိုပါ ဘယ်လာယာရပ်စ် (Belaya Rus) ပါတီသည် ဘယ်လာရုစ်နိုင်ငံ၏ အာဏာရပါတီဖြစ်သည်။ USDP အနေဖြင့် ဘယ်လာယာရပ်စ် (Belaya Rus) ပါတီနှင့် လက်မှတ်ရေးထိုးမှု မတိုင်မီကလည်း ရုရှားနိုင်ငံမှ ယူနိုက်တက်ရုရှားပါတီနှင့် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
