





၁၉. ၁ .၂၀၂၆
Written by Thiri
ရေကောင်ပေါ်တယ်ဆိုလို့ (ရေထဲကနေ လူသေအလောင်းတွေ့ရှိတာကို လူမှုကယ်ဆယ်ရေးသမားတွေ သုံးနှုန်းတဲ့ အသုံးနှုန်း ) လူမှုကူညီရေးအဖွဲ့ဝင်တွေ သွားရောက်ဆယ်ယူရာမှာ လူသေမှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတဲ့ ဖြစ်စဉ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က မနက် ၇ နာရီဝန်းကျင်ခန့်မှာ မော်လမြိုင်မြို့၊ လှိုင်နယ်မြေ၊ အုတ်ဖိုလမ်း၊ ကွက်သစ်အိမ်ရာစီမံကိန်းအနီးက ရေကန်မှာ လူတစ်ဦး သေဆုံးမှုဖြစ်ပွားနေကြောင်း အနီးပတ်ဝန်းကျင်မှ တာဝန်သိပြည်သူတချို့က ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့ထံ တယ်လီဖုန်းဆက်သွယ် အကြောင်းကြားလာလို့ အဆိုပါအဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားကာ အခင်းဖြစ်နေရာဆီ တာဝန်ရှိသူတွေနဲ့အတူ လိုအပ်တာတွေ ကူညီပေးနိုင်ဖို့ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာရောက်ရှိစဉ် သေဆုံးသူမှာ ရေကန်ထဲမှာ မှောက်လျက်အနေထားနဲ့ သေဆုံးနေတာကိုတွေ့ရှိရပြီး သေဆုံးသူကို မြေပြင်ပေါ် လူမှုကူညီရေးအသင်းသားတွေ ဆွဲမတင်မီ ခန္ဓာကိုယ်အနှံ့ကြည့်ရှု့ရာ လည်ပင်းမှာ ဓားနဲ့ လှီး ဖြတ်ထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာနဲ့ ဦးခေါင်း၊ မျက်နှာနဲ့ နားထင်အနီးမှာ မာကျောတဲ့ အရာတစ်ခုနဲ့ ရိုက်နှက်ခံရဖွယ်ရှိတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ရာမညမြေ လူမှုကယ်ဆယ်ရေးအဖွဲ့က အသိပေးပါတယ်။
ဆက်လက်ပြီး အဆိုပါလူမှုကယ်ရေးအဖွဲ့က ရုပ်အလောင်းကို မြေပြင်ပေါ်သို့ဆွဲတင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့လုပ်ထုံးလုပ်နည်းတွေကို ဆောင်ရွက်ပြီးစီးတဲ့အခါ မော်လမြိုင်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီခဲ့တယ်လို့လည်း သိရပါတယ်။
ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့က “ကျွန်တော်တို့က ကယ်ဆယ်ရေးအဖွဲ့ဆိုတော့ အသေးစိတ်တော့မသိပါဘူး။ နယ်မြေရဲစခန်းက တာဝန်ရှိသူတွေ အုပ်ချုပ်ရေးအဖွဲ့ တွေကတော့ ဖြစ်စဥ်အသေးစိတ်ကို ဆက်ပြီး စုံစမ်းနေပါတယ်” လို့ MT News ကို ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်ဆေးရုံကြီးဆီပို့ ဆောင်ပေးခဲ့ပြီး ဆေးရုံက စစ်ဆေးပြီးနောက်အတည်ပြုချက်ရယူကာ မော်လမြိုင်ဆေးရုံကြီး ရင်ခွဲရုံဆီ ထပ်မံပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
