






သက်တံ့
၁၉. ၁. ၂၀၂၆
ချီလီနိုင်ငံတောင်ပိုင်းရှိ လူနေရပ်ကွက်များအတွင်းသို့ ထိန်းချုပ်မရနိုင်သော တောမီးများ ကူးစက်လောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ (၁၈) ဦး သေဆုံးခဲ့ပြီး မြို့ရွာအချို့ ပြာပုံအတိဖြစ်ခဲ့ရကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
မြို့တော် ဆန်တီယာဂို၏ တောင်ဘက် ၅၀၀ ကီလိုမီတာ (မိုင် ၃၀၀) ခန့်အကွာရှိ နျူဘဲ (Nuble) နှင့် ဘိုင်အိုဘိုင်အို (Biobio) ဒေသတို့တွင် ပြင်းထန်သော လေပြင်းများနှင့် ပူပြင်းသည့် ရာသီဥတုကြောင့် တောမီးများ နှစ်ရက်ဆက်တိုက် ကူးစက်ပျံ့နှံ့လျက်ရှိရာ လက်ရှိတွင် ဒေသခံ ၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။
”ကျွန်တော်တို့ ကိုယ်ပေါ်က အင်္ကျီတစ်ထည်နဲ့ပဲ အမြန်ပြေးခဲ့ရတာပါ။ နောက်ထပ် မိနစ် ၂၀ လောက်သာ ဆက်နေမိရင် ကျွန်တော်တို့အားလုံး မီးလောင်သေဆုံးသွားနိုင်ပါတယ်” ဟု ပန်ကို (Penco) မြို့မှ အသက် ၂၅ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ မာတီးရပ်စ် ဆစ်ဒ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
၎င်းက မီးတောက်များသည် တစ်ညလုံး အရှိန်အဟုန်ဖြင့် ကူးစက်ကာ အိမ်ခြေများစွာကို ဝါးမြိုဖျက်ဆီးခဲ့ပုံကိုလည်း ရှင်းပြခဲ့သည်။
တောမီးလောင်ကျွမ်းပြီးနောက်ပိုင်း မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်များတွင် မီးလောင်ကျွမ်းထားသည့် အိမ်အပျက်အစီးများ၊ ပစ်ကပ်ကားများနှင့် မော်တော်ယာဉ်များကိုသာ မြင်တွေ့ရပြီး ခြောက်ကပ်နေသည့် မြို့ပြအသွင်အပြင်ကို တွေ့ရှိရသည်။
ပန်ကိုမြို့တော်ဝန် ရိုဒရီဂို ဗီရာ၏ ပြောကြားချက်အရ သေဆုံးသူ အများစုမှာ အဆိုပါ မြို့အတွင်းမှ ဖြစ်ကြောင်း သိရသည်။ နိုင်ငံ့တောင်ဘက်ခြမ်းမှာ နွေရာသီ၏ အပူချိန်မြင့်မားမှုကြောင့် လောင်ကျွမ်းနေသည့် တောမီးများကို ငြှိမ်းသတ်ရန် မီးသတ်သမားပေါင်း ၄,၀၀၀ နီးပါး ကြိုးပမ်းနေစဉ် သမ္မတ ဘောရစ်က အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်အရ မီးငြှိမ်းသတ်ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် တပ်မတော်ကို တပ်ဖြန့် အသုံးချခွင့်ရရှိမည် ဖြစ်သည်။
လက်ရှိဖြစ်ပွားနေသည့် တောမီးလောင်မှု အခြေအနေသည် ၂၀၂၃ ခုနှစ် အစောပိုင်းက ချီလီတွင် ဖြစ်ပွားခဲ့ပြီး လူ ၂၆ ဦး သေဆုံးခဲ့သော တောမီးလောင်ကျွမ်းမှု အခြေအနေနှင့် ဆင်တူနေသည်။ ချီလီနိုင်ငံသည် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပြင်းထန်သည့် မိုးခေါင်ရေရှားမှု (Mega Drought) ကို ခံစားနေရသောကြောင့် သစ်တောများ အလွန်ခြောက်သွေ့နေပြီး မီးလောင်လွယ်သည့် အခြေအနေ ဖြစ်ပေါ်နေသည်။
အခြားသော သတင်းများအရ သေဆုံးသူ အရေအတွက်မှာ မူလကထက် ပိုမိုများပြားလာသဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဗယ်လ်ပါရိုက်ဆို (Valparaiso) ဒေသတွင် ဖြစ်ပွားခဲ့သည့် တောမီးကြောင့် လူပေါင်း ၁၃၀ ကျော်အထိ သေဆုံးခဲ့သည့် ချီလီနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး လူသေဆုံးမှုဖြစ်စဥ်ကဲ့သို့ ထပ်မဖြစ်စေရန် အာဏာပိုင်များက ကြိုးပမ်းနေသည်။
အဆိုပါ တောမီးလောင်ကျွမ်းမှုကို စောလျင်စွာငြှိမ်းသတ်နိုင်ရေးအတွက် အာဂျင်တီးနား၊ စပိန်နှင့် မက္ကဆီကို နိုင်ငံများက ကျွမ်းကျင်သူများနှင့် လေယာဉ်များကို စေလွှတ်ကူညီပေးနေသည်။
Reference: AP, Al Jazeera,BBC & Reuters
