
သက်တံ့
၁၉. ၁. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ဂရင်းလန်းကျွန်းကိစ္စနှင့် ပတ်သက်၍ ကုန်သွယ်ခွန်များ တိုးမြှင့်မည်ဟု ခြိမ်းခြောက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂ (EU) က အမေရိကန်အပေါ် ယူရို ၉၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၆၈ ဘီလျံ) တန်ဖိုးရှိ ကုန်သွယ်ခွန်များ ပြန်လည်ချမှတ်ရန် သို့မဟုတ် အီးယူဈေးကွက်အတွင်း အမေရိကန်ကုမ္ပဏီများ ဝင်ရောက်မှုကို ကန့်သတ်ရန် စဉ်းစားနေကြောင်း Financial Times သတင်းတွင် ဖော်ပြထားသည်။
လာမည့်သီတင်းပတ်အတွင်း ဒါးဗို့စ် (Davos) မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် သမ္မတထရမ့်ပ်နှင့် အရေးကြီးသော တွေ့ဆုံမှုများမပြုလုပ်မီ ဥရောပခေါင်းဆောင်များဘက်မှ အသာစီးရစေရန်အတွက် ယခုကဲ့သို့ လက်တုံ့ပြန်မည့် အစီအစဉ်များကို ရေးဆွဲနေခြင်းဖြစ်ကြောင်း ပြင်ဆင်မှုများတွင် ပါဝင်သည့် တာဝန်ရှိသူများကို ကိုးကား၍ သတင်းတွင် ဖော်ပြသည်။
အီးယူသည် အဆိုပါ ကုန်သွယ်ခွန်စာရင်းကို လွန်ခဲ့သည့်နှစ်ကတည်းက ပြုစုခဲ့ခြင်းဖြစ်သော်လည်း ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမှုကို ရှောင်လွှဲရန်အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော် ဆက်ဆံရေး တင်းမာလာမှုကြောင့် အီးယူအဖွဲ့ဝင်နိုင်ငံများသည် ယင်းအစီအစဉ်ကို ပြန်လည်စတင်ရန်နှင့် အမေရိကန်ကုမ္ပဏီများကို ကန့်သတ်နိုင်သည့် “အကျပ်ကိုင်မှုဆန့်ကျင်ရေးယန္တရား” (Anti-Coercion Instrument) ကို အသုံးပြုရန် တနင်္ဂနွေနေ့တွင် ဆွေးနွေးခဲ့ကြသည်။
အမေရိကန်၏ ကုန်သွယ်ခွန်ခြိမ်းခြောက်မှုကို တိုက်ရိုက်ခံနေရသည့် ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်နှင့် ယူကေ စသည့် (၈) နိုင်ငံက ဒိန်းမတ်နှင့် ဂရင်းလန်းတို့နှင့်အတူ အပြည့်အဝ ရပ်တည်သွားမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဤသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
သမ္မတထရမ့်ပ်သည် ပြီးခဲ့သည့် စနေနေ့က လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားရာတွင် အဆိုပါ ၈ နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ၁၀ ရာခိုင်နှုန်း ကုန်သွယ်ခွန် စည်းကြပ်မည်ဖြစ်ပြီး ဂရင်းလန်းကျွန်းကို “လုံးဝဥဿုံ ဝယ်ယူခွင့်” ရရှိသည့် သဘောတူညီချက်မရမချင်း ဇွန်လ ၁ ရက်နေ့တွင် အဆိုပါ အခွန်နှုန်းကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု သတိပေးထားသည်။
ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည့် သမ္မတထရမ့်ပ်သည် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် အပါအဝင် ဥရောပခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံရန်ရှိသလို ယူကရိန်းကို ထောက်ခံသည့် အနောက်နိုင်ငံများ၏ အစည်းအဝေးတွင်လည်း ပါဝင်သွားရန် မျှော်လင့်ရသည်။
ဂရင်းလန်းကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်ပြီး မြောက်ဝင်ရိုးစွန်းဒေသတွင် တည်ရှိသည်။ ရေခဲပြင်များအောက်တွင် အဖိုးတန်သတ္တုများနှင့် သဘာဝဓာတ်ငွေ့ အမြောက်အမြားရှိနေခြင်းနှင့် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို ဟန့်တားနိုင်သည့် စစ်ဗျူဟာအရ အချက်အချာကျခြင်းတို့ကြောင့် အမေရိကန်က ဝယ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေခြင်းဖြစ်သည်။
အမေရိကန်က ချမှတ်မည့် ၁၀ ရာခိုင်နှုန်း အခွန်သည် ဥရောပ၏ ကား၊ စက်ယန္တရားနှင့် ဇိမ်ခံပစ္စည်း တင်ပို့မှုကို ထိခိုက်စေနိုင်ပြီး အီးယူ၏ လက်တုံ့ပြန်မှုသည် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ (ဥပမာ- Apple, Google) အတွက် အခက်အခဲဖြစ်လာနိုင်သည်။
အမေရိကန်၏ လုပ်ရပ်သည် ရင်းနှီးသော မဟာမိတ်များဖြစ်သည့် အီးယူနှင့် ယူကေတို့အပေါ် ပစ်မှတ်ထားနေခြင်းကြောင့် နေတိုးအဖွဲ့အတွင်း စည်းလုံးမှုကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
Reference: Xinhua, Financial Times & Bloomberg
