
သက်တံ့
၁၈. ၁. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကျွန်းဖြစ်သော ဂျာဗားကျွန်းနှင့် ဆူလာဝေစီကျွန်းကြားရှိ တောင်ထူထပ်သော ဒေသသို့ ဇန်နဝါရီ ၁၇ ရက်က လူ ၁၁ ဦးလိုက်ပါလာသော ခရီးသည်တင်လေယာဥ်တစ်စင်း ချဥ်းကပ်ပျံသန်းစဥ် မြေပြင်ထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Indonesia Air Transport မှ လည်ပတ်နေသည့် ATR 42-500 အမျိုးအစား တာဘိုပရော့ (Turboprop) လေယာဉ်သည် ရော့ဂျ်ဂျာကာတာမြို့မှ တောင်ဆူလာဝေစီပြည်နယ်၏ မြို့တော်မာကတ်ဆာသို့ ပျံသန်းလာစဉ် ရေဒါမျက်နှာပြင်မှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အန်ဒါ ပူနာမာ ဆာရီ (Endah Purnama Sari) က ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်ကို ဒေသစံတော်ချိန် ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီ ၁၇ မိနစ်ခန့်က နောက်ဆုံးခြေရာခံမိခဲ့ခြင်းဖြစ်ပြီး တောင်ဆူလာဝေစီပြည်နယ်၊ မာရို့စ် (Maros) ခရိုင်ရှိ လီယန်-လီယန် (Leang-Leang) တောင်တန်းဒေသတွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များစွာသည် လေတပ်ရဟတ်ယာဉ်များ၊ ဒရုန်းများနှင့် မြေပြင်တပ်ဖွဲ့များ၏ အကူအညီဖြင့် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဆာရီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ဘူလူစာရောင်း (Bulusaraung) တောင်ပေါ်ရှိ တောင်တက်သမားများက ပြန့်ကျဲနေသော အပျက်အစီးများ၊ Indonesia Air Transport ၏ တံဆိပ်ပါရှိသည့် အစိတ်အပိုင်းများနှင့် မီးလောင်ကျွမ်းနေမှုများကို တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ပြီးနောက် လေယာဉ်ပျက်ကို ရှာဖွေတွေ့ရှိနိုင်မည့် မျှော်လင့်ချက်များ ပိုမိုမြင့်တက်လာခဲ့သည်။
”တောင်တက်သမားတွေ မြင်တွေ့ခဲ့တာကို အာဏာပိုင်တွေထံ အကြောင်းကြားထားပြီး ဖြစ်ပါတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက အဲဒီနေရာကို ရောက်ရှိဖို့ ကြိုးစားနေပြီး အတည်ပြုချက် ရယူနေပါတယ်” ဟု တောင်ဆူလာဝေစီပြည်နယ် ဟာဆာနူဒင် (Hasanuddin) စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဘန်ဂွန် နာဝိုကို (Bangun Nawoko) က ပြောကြားခဲ့သည်။
လေကြောင်းထိန်းချုပ်ရေးစခန်း (ATC) က လေယာဉ်ဆင်းသက်ရန် လမ်းကြောင်းညှိနှိုင်းရန် ညွှန်ကြားချက်ပေးပြီးနောက် မကြာမီမှာပင် လေယာဉ်သည် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဆာရီက ဆိုသည်။
”နောက်ဆုံး ညွှန်ကြားချက်ပေးပြီးတဲ့နောက် ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး လေကြောင်းထိန်းချုပ်သူတွေက အရေးပေါ်အခြေအနေ (Distress phase) အဖြစ် ကြေညာခဲ့ပါတယ်” ဟု သူမက ဆက်လက်ပြောကြားသည်။
လေယာဉ်ပေါ်တွင် လေယာဉ်အဖွဲ့သား ၈ ဦးနှင့် ရေလုပ်ငန်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ ဝန်ထမ်း ၃ ဦး လိုက်ပါသွားခဲ့သည်။ လေယာဉ်သည် မာကတ်ဆာရှိ ဆူလ်တန် ဟာဆန်နဒ္ဒင် (Sultan Hasanuddin) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် ချဉ်းကပ်စဉ် လမ်းကြောင်းလွဲချော်သွားခဲ့သည်ဟု ယူဆရသည့် တောင်တန်းဒေသများကို အဓိကထား ရှာဖွေနေခြင်းဖြစ်သည်။
လေယာဉ်ပျောက်ဆုံးချိန်တွင် ရာသီဥတုအခြေအနေမှာ တိမ်ထူထပ်နေပြီး အမြင်အာရုံမှာ ၈ ကီလိုမီတာခန့် ရှိကြောင်း သိရသည်။ မာရို့စ်နှင့် ပန်ကပ် (Pangkep) ခရိုင်တို့ကို ဆက်သွယ်ထားသည့် ဘူလူစာရောင်း အမျိုးသားဥယျာဉ်အတွင်းရှိ မတ်စောက်သော မြေမျက်နှာသွင်ပြင်များကြောင့် ရှာဖွေရေးလုပ်ငန်းများတွင် အခက်အခဲရှိနေကြောင်း နာဝိုကိုက ဆိုသည်။
ရေလုပ်ငန်းနှင့် ငါးလုပ်ငန်းဝန်ကြီး ဆာတီ ဝါယု ထရန်ဂိုနို (Sakti Wahyu Trenggono) က စနေနေ့နှောင်းပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ ၎င်း၏ ဝန်ကြီးဌာနမှ ဝန်ထမ်း ၃ ဦးသည် အင်ဒိုနီးရှား၏ ငါးလုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အထောက်အကူပြုရန်အတွက် ဝေဟင်မှ ပင်လယ်ပြင်စောင့်ကြည့်ရေး မစ်ရှင်တွင် ပါဝင်ရန် လိုက်ပါသွားခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ လေယာဥ်ပျက်ကို ရှာမတွေ့သေးသလို လိုက်ပါလာသူများအားလုံး ရှင်သန်မှုရှိမရှိကိုလည်း အတည်မပြုနိုင်သေးချေ။
လူဦးရေ သန်း ၂၈၀ ကျော်ရှိပြီး ကမ္ဘာ့အကြီးဆုံး ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ကို ဆက်သွယ်ရန် လေကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးကို အဓိကအားထားနေရသည်။ သို့သော် လုံခြုံရေးစံနှုန်းများ လိုက်နာမှုအားနည်းခြင်းကြောင့် မကြာသေးမီနှစ်များအတွင်း ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref: Al Jazeera
