၁၂. ၁. ၂၀၂၆
MT News Editorial
မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အကွေ့အကောက် အပြောင်းအလဲအများဆုံးနှင့် ရက်စက်ကြမ်းကြုတ် ယုတ်မာလှသော ကာလတစ်ခုကို ကျော်ဖြတ်နေရချိန်တွင် နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၂၀၂ မြို့နယ်၌ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် တည်ငြိမ်အေးချမ်းမှုကို ဆာလောင်နေသော ပြည်သူတို့၏ အောင်ပွဲပင် ဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ လာမည့် မတ်လတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်ရန်နှင့် ဧပြီလတွင် အစိုးရသစ် တက်လာမည်ဆိုသည့် အခြေအနေများသည် မြန်မာ့နိုင်ငံရေး မုန်တိုင်းထန်မှုကို ရပ်တန့်ပေးမည့် ထွက်ပေါက်တစ်ခုအဖြစ် ရှုမြင်ရမည် ဖြစ်သည်။
ကျန်ရှိနေသော ၆၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရန် ရှိနေသော်လည်း ယခုလက်ရှိ ရရှိထားသော ရလဒ်များသည်ပင်လျှင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှံရန် လုံလောက်သော အခြေခံအုတ်မြစ်များ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဖိအားမျိုးစုံကြားမှ မိမိတို့၏ နိုင်ငံသားတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး မဲရုံများသို့ တစ်ခဲနက် သွားရောက်ခဲ့ကြသည့် ပြည်သူများကို အထူးပင် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ပြည်သူတို့၏ ဤသတ္တိသည် လက်နက်ဖြင့် အဆုံးအဖြတ်ပေးလိုသည့် လမ်းစဉ်ထက် မဲပြားဖြင့် အပြောင်းအလဲကို ဖော်ဆောင်လိုသည့် မြင့်မြတ်သော ဆန္ဒကို ပြသနေခြင်း ဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တွေ့ကြုံခဲ့ရသော စီးပွားရေးတိုးတက်မှု၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုနှင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ခံစားခဲ့ရသည့် “ဒီမိုကရေစီ ဆယ်စုနှစ်” အား လွမ်းမောတောင့်တလျက် ရှိကြသည်။ ယခု ပေါ်ထွက်လာမည့် အစိုးရသစ်၏ အဓိကတာဝန်မှာ အဆိုပါ ဆုံးရှုံးသွားသော ရွှေရောင်ကာလများကို ပြန်လည်ရယူရန်၊ အဘက်ဘက်က ယိုင်နဲ့နေသော နိုင်ငံ့စီးပွားရေးကို ပြန်လည် ထူထောင်ပေးရန်နှင့် နိုင်ငံသားတိုင်း၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော အပစ်အခတ်ရပ်စဲပြီး ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လျှောက်လှမ်းနိုင်ရန် ဖြစ်သည်။
ဤနေရာတွင် ပဋိပက္ခအတွင်း ပါဝင်နေကြသည့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနေဖြင့် စစ်ဘေးစစ်ဒဏ်ကြောင့် နွမ်းပါးပင်ပန်းနေပြီဖြစ်သော ပြည်သူတို့၏ မျက်နှာကို ငဲ့ညှာကြရန်နှင့် မိမိတို့၏ ကိုယ်ကျိုးအတ္တများအတွက် သိမ်ဖျင်းလှစွာ လက်နက်စွဲကိုင် အကျိုးစီးပွားရှာဖွေနေမှုများကို ရပ်တန့်ချိန်တန်ပြီဟု သတိပေးနှိုးဆော်လိုပါသည်။ အကြမ်းဖက်မှု လမ်းစဉ်သည် မည်သူ့အတွက်မျှ အကျိုးမရှိဘဲ နိုင်ငံ့အနာဂတ်ကိုသာ ဝါးမြိုနေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရသစ် ပေါ်ထွက်လာမည့် အခွင့်အလမ်းကို အသုံးချကာ အမုန်းတရားများကို ဘေးဖယ်လျက် စားပွဲဝိုင်း ဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြရန် တိုက်တွန်းလိုပါသည်။
အချုပ်အားဖြင့်ဆိုသော် ၂၀၂၆ ခုနှစ် ဧပြီလတွင် ပေါ်ထွက်လာမည့် အစိုးရသစ်သည် မြန်မာနိုင်ငံကို စစ်မီးဘေးမှ ကယ်တင်ကာ၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ပြန်လည် ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု MT News က အခိုင်အမာ ယုံကြည်ပါသည်။ ပြည်သူတို့၏ ဆန္ဒမဲများဖြင့် ဖော်ဆောင်ခဲ့သော ဤသမိုင်းမှတ်တိုင်သည် တိုင်းပြည်အတွက် စစ်မှန်သော တည်ငြိမ်ရေးနှင့် သာယာဝပြောရေးဆီသို့ ဦးတည်သည့် အလင်းရောင်တစ်ခု ဖြစ်အောင် အစိုးရသစ်က အကောင်အထည် ဖော်နိုင်ပါစေကြောင်းလည်း MT News က ဆန္ဒပြု တိုက်တွန်းလိုက်ရပါသည်။
