◾️ ICJ တရားသူကြီးများအနေဖြင့်လည်း တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းလျက်၊ မည်သည့် အစွဲအလမ်းမျှမပါဘဲ အခြေအနေမှန်နှင့် အဖြစ်မှန်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန် ဆန်းစစ် သုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ဟုပါ ပြော
MT News
၁၂. ၁. ၂၀၂၆
မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော် သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်သည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာ အသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု များသည် အထူးလိုအပ်လျက်ရှိသည်။ လက်ရှိတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ရင်ဆိုင်နေရသော အမှုကိစ္စသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူ အားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် မိမိ၏အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွယှဉ်တွဲနေထိုင် သည့် ခိုင်မာသော အစဉ်အလာကောင်းများကို အစဉ်တစိုက် ထိန်းသိမ်းခဲ့သည့် နိုင်ငံဖြစ်သည်။ ယခု ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသောအမှုတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့သို့ သွားရောက်ကာ တရားမျှတမှုနှင့် အမှန်တရားကို လက်ကိုင်ထား၍ မြန်မာနိုင်ငံအတွက် အစွမ်းကုန် လျှောက်လဲချက်ပေးသွားမည် ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ ICJ သို့ တင်ပြချက်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အမှန်တရားကို မြတ်နိုးတန်ဖိုးထားကြသည့် မြန်မာပြည်သူပြည်သားများ၏ ဆန္ဒသဘောထား များနှင့် တစ်ထပ်တည်းကျလျက်ရှိသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် အမှန်တရားဘက်မှ ရပ်တည်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကို ကျွန်ုပ်တို့ အပြည့်အဝ ထောက်ခံအားပေးပါသည်ဟု မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank က ဆိုသည်။
အပြည်ပြည်ဆိုင်ရာတရားရုံးရှိ ဂုဏ်သရေရှိတရားသူကြီးများအနေဖြင့်လည်း မိမိတို့၏ မွန်မြတ်လှသော တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းလျက်၊ မည်သည့် အစွဲအလမ်းမျှမပါဘဲ အခြေအနေမှန်နှင့် အဖြစ်မှန်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန် ဆန်းစစ် သုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်သည်။ နိုင်ငံတကာဥပဒေနှင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့် အခြေအနေများအပေါ် အပြန်အလှန်လေးစားလိုက်နာမှုရှိသော အဖြေတစ်ခု ထွက်ပေါ်လာရေးအတွက် အဖြစ်မှန်များကို မျှတစွာ သုံးသပ်ဆုံးဖြတ်ရန်မှာ အလွန်ပင်အရေးကြီးကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank က သတင်းထုတ်ပြန်အပ်သည်။
Myanmar Narrative Think Tank သည် မြန်မာနိုင်ငံ၏ ကမ္ဘာ့အလယ်တွင်မြင်တွေ့ရသည့် ပုံရိပ်ကို မြှင့်တင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်၍ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဇန်နဝါရီ ၁၂ ရက်တွင် စတင်ပြုလုပ်မည့် ကြားနာပွဲသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာသွားကြသည်။
အဆိုပါ တရားရုံးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိလည်း ကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း နှစ်ကြိမ်လျှောက်လဲမည်ဖြစ်သည်။
ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နှင့် ပတ်သက်၍ ICJ တွင် ယခုတစ်ကြိမ် တရားရုံးကြားနာမှုသည် တတိယအကြိမ်ကြားနာမှုဖြစ်သည်။ ထိုစွပ်စွဲချက်အတွက် ၂၀၁၉ ခုနှစ် ပထမအကြိမ် တရားရုံးကြားနာမှုတွင် မဲမသမာမှုကြောင့် ဖြုတ်ချခံခဲ့ရပြီး ယခုထောင်ကျနေသော NLD အစိုးရအဖွဲ့ဟောင်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ကြားနာခဲ့ပြီး အဆိုပါ ကြားနာမှုတွင် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များအား ငြင်းဆိုလျှောက်လဲခဲ့သည်။
ဒုတိယအကြိမ်ကြားနာမှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့ပြီး ထိုစဉ်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြားနာခဲ့ကာ အဆိုပါ ကြားနာမှုတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုခွင့်မရှိကြောင်း အပါအဝင် အချက်လေးချက်ကို မြန်မာကိုယ်စားလှယ်အဖွဲ့က လျှောက်လဲခဲ့သည်။
ထို့နောက် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲမှုဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှုမြောက် မမြောက် မဆုံးဖြတ်နိုင်သေးမီ မြန်မာနိုင်ငံက ကြားဖြတ်ဆောင်ရွက်ရမည့် အစီအမံလေးရပ်ကို ၂၀၂၀ ပြည့်နှစ်တွင် ICJ က ဆုံးဖြတ်ချက်ချပေးခဲ့ပြီး ထို ကြားဖြတ်အစီအမံလေးရပ်မှာ ဘင်္ဂါလီများအား လူမျိုးတုံးသတ်ဖြတ်မှုမှ အကာအကွယ်ပေးရန်၊ မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များက လူမျိုးတုံးသတ်ဖြတ်မှုများ မပြုလုပ်ရန်၊ သက်သေအထောက်အထားများအား မပျက်စီးအောင် ထိန်းသိမ်းရန်နှင့် အထက်ပါ အချက်သုံးချက်ကို လေးလအတွင်း မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ICJ သို့ အစီရင်ခံစာ တင်သွင်းရန်နှင့် အမှုမပြီးပြတ်မီအကြား မြန်မာနိုင်ငံက ခြောက်လ တစ်ကြိမ် အစီရင်ခံစာတင်သွင်းရန် ICJ က ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟု သိရသည်။
