◾️ယနေ့တွင် ကြည့်မြင်တိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးခင်လ့ှိုင် လက်မှတ်ရေးထိုးခဲ့
၁၂.၁.၂၀၂၆
Written by Nay Yaung Lin၊ Min Thet
ကြည်မြင်တိုင်မြို့နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဇောတိက ဦးခင်လှိုင် မဲတစ်သောင်းကျော် အသာစီးရရှိပြီး အနိုင်ရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်တွင် သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရာတွင် ကြည့်မြင်တိုင်မြို့နယ်လည်း ပါဝင်ခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးခင်လှိုင်အပါအဝင်၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တစည ပါတီ၊ ကျားဖြူပါတီ၊ လူထုပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
ဇောတိက ဦးခင်လှိုင်က “ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်ပြီး ၁၁ ရက်နေ့မှာ ညနေ ၆ နာရီထဲက ကျွန်တော်တို့နိုင်ကြောင်းကို ကျွန်တော်တို့ မဲရုံကိုယ်စားလှယ်တွေက သိပြီးသားဖြစ်ပါတယ်။ ပိုပြီးတော့ လုပ်ထုံးလုပ်နည်းအရ ည ၉ နာရီကစပြီး ကြည့်မြင်တိုင်မြို့နယ်ကော်မရှင်ရဲ့ ကြီးကြပ်မှုနဲ့ မဲတွေရေတွက်တာတွေ၊ မဲစာရင်းကြီးကြပ်တာတွေ၊ သက်ဆိုင်ရာ မဲရုံအသီးသီး ၄၈ ရုံက လာတဲ့ ရလဒ်တွေကို သူတို့ကွန်ပျူတာမှာ ရိုက်တယ်။ကွန်ပျူတာမှာ စာရင်းသွင်းပြီးတော့မှ သူတို့ရဲ့ပုံစံတွေနဲ့ ဖြည့်သွင်းကြပါတယ်။ ၂ နာရီလောက်ကြာတော့ ကျွန်တော်တို့ကို လက်မှတ်ထိုးခိုင်းပါတယ်။ လက်မှတ်ထိုးတော့ ကျွန်တော်တို့ မဲရုံအသီးသီးမှာ ကောက်ခဲ့တဲ့စာရင်းတိုင်းပဲ ထပ်တူထပ်မျှအတူတူပဲ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။
ထိုသို့ ယှဉ်ပြိုင်ရာတွင် ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက်စုစုပေါင်း ၂၂ ရပ်ကွက်ရှိပြီး မဲရုံစုစုပေါင်း ၄၈ ရုံရှိကြောင်း၊ ဇောတိက ဦးခင်လှိုင်က ၄၇ ရုံတွင် မဲရလဒ်အနိုင်ရရှိခဲ့ကြောင်း ကနဦး သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၊ တစ်သီးပုဂ္ဂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်လှိုင်သည် ဆန္ဒမဲ စုစုပေါင်း ၁၄၆၀၀ ကျော်၊ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အိအိနိုင်က ဆန္ဒမဲ ၄၆၀၀ ကျော်၊ ကျားဖြူပါတီမှ ဦးအောင်မင်းက ဆန္ဒမဲ ၁၆၀၀ ခန့်ရရှိခဲ့ကြောင်း သိရသည်။
“ကော်မရှင်မှာ ကျွန်တော်လက်မှတ်ရေးထိုးလိုက်ပါတယ်။ ကျွန်တော် မဲ ၁၅၀၀၀ နီးပါးရပါတယ်။ ၁၄၆၀၀ ကျော်ကျော်ရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ၄၆၀၀ ကျော်လောက်ရပါတယ်။ ကျားဖြူပါတီက ၁၆၀၀ လောက်ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ ကျွန်တော်နဲ့ကတော့ တစ်သောင်းလောက် အသာစီးရထားပါတယ်။ အဲဒါ ကျွန်တော်လက်မှတ်ထိုးပြီးခဲ့တဲ့ အခြေအနေပါ။ ကနဦးသတင်းလို့ပဲမှတ်ယူပေးပါ” ဟု ဇောတိက ဦးခင်လှိုင်က ဆက်လက်ပြောကြားခဲ့သည်။
ဦးခင်လှိုင်သည် ဒုတိယနေရာမှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲ တစ်သောင်းကျော် အသာစီးရ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရရှိမှုပြီးလျှင် ဦးခင်လှိုင်၏ ရွေးကောက်ပွဲအနိုင်ရရှိမှုသည် တစ်သီးပုဂ္ဂလ(သို့မဟုတ်)အခြားပါတီများအတွက် ပထမဆုံးအနိုင်ရရှိမှုလည်း ဖြစ်သည်။
ဇောတိက ဦးခင်လှိုင်သည် ကြည့်မြင်တိုင်မြို့နယ်ကို အခြေပြု၍ ၂၀၁၀ ပြည့်နှစ်က စတင်ကာ ရွေးကောက်ပွဲစုစုပေါင်း ၈ ကြိမ်ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အထွေထွေရွေးကောက်ပွဲ သုံးကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်နှင့် စည်ပင်ရွေးကောက်ပွဲ နှစ်ကြိမ် ယှဉ်ပြိုင်ရာ နှစ်ကြိမ်အနိုင်ရရှိခဲ့သည်။
ဇောတိကဦးခင်လှိုင်သည် ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
“ရွေးကောက်ပွဲအကြိမ်ပေါင်း ၈ ကြိမ်ဝင်ပြိုင်ခဲ့တယ်။ ၂၀၁၄ မှာပဲ ကျွန်တော် စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အခါ စည်ပင်ကော်မတီဝန်ကြီးဖြစ်ခဲ့ပါတယ်။ အဲဒီကနေပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် စည်ပင်ကော်မတီရာထူးကို အချိန်မတန်ဘဲ ရပ်နားခြင်းခံခဲ့ရပါတယ်။ ရပ်နားခြင်းခံထားရပေမဲ့လည်း ဒီကြည့်မြင်တိုင် တစ်နေရာတည်းမှာပဲ တောက်လျှောက် အလုပ်လုပ်ခဲ့တာတွေလည်း အများကြီးပဲပေါ့။ ကြည်မြင်တိုင်သားတွေရဲ့ အကျိုးကိုလည်း လုပ်ပေးခဲ့တယ်။ ကျွန်တော်အကြိမ်ပေါင်းများစွာကြိုးစားခဲ့ပေမဲ့လည်း မဲတွေမရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်စိတ်မပျက်ဘူး။ ပြည်သူကိုလည်း ကျွန်တော်အပြစ်လုံးဝမတင်ခဲ့ဘူး။ ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော်ကိုယ်တိုင်လိုသေးတာရယ်။ အချိန်မတန်သေးဘူးဆိုတာ နှစ်ခုရှိပါတယ်။ အဲဒီအတိုင်းပဲ တစ်စိုက်မတ်မတ် လုပ်လာခဲ့တာ ဒီနေ့ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲကြတော့ ကျွန်တော်ဒီနှစ်ကို နိုင်ကို နိုင်ရမယ်လို နံပါတ်တစ် အောက်မေ့ထားပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာ ရံှုးခဲ့ရင် ပါရမီမရှိတော့ဘူးလို သတ်မှတ်ပြီး ရပ်နားလိုက်တော့မယ်လို ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ်။ အဲဒါပြီး အစွမ်းကုန်ကြိုးစားပါတယ်။ အခုမဲရလဒ်ကို လက်မှတ်လည်းထိုးပြီးပြီ။ ကျွန်တော့်ရဲ့ ပီတိက ကျွန်တော်အကြိမ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ဘာနဲ့မှ မတူတဲ့ ပီတိပါပဲ။ အခုပြည်ထောင်စုအဆင့် ပြည်သူ့လွတ်တော်ကို ရောက်သွားပြီဆိုရင် ကြည်မြင့်တိုင်သာ မကဘူး ရန်ကုန်တိုင်းတစ်တိုင်းလုံးကိုပါ လွတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အကျိုးပြုနိုင်တော့မယ်ဆိုတာဖြစ်တဲ့အတွက် အတိုင်းအဆမရှိဝမ်းသာတယ်” ဟု ယင်းက MT News ကို ပြောသည်။
