◾ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကို အသုံးချ၍ နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးခြယ်ဆုံးဖြတ်ရမည်ဖြစ်





၁၁. ၁. ၂၀၂၆
Written by Nyein
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် ယနေ့ လိုက်လံကြည့်ရှုအားပေးသည်။
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည်အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးခြယ်ဆုံးဖြတ်ရမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့ နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများအလိုက် မည်သည့် ဖိအား တစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏လွတ်လပ်သည့်သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွစည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့် တစ်ခဲနက်ဆန္ဒမဲများပေးကြသည်။
ထိုကဲ့သို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများပေးနေမှုများကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံများသို့ ယာယီသမ္မတနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးသည်။







ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ လသာမြို့နယ်တို့ရှိ သက်ဆိုင်ရာမဲရုံများအလိုက်တွင် မဲရုံမှတာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာပါဝင် ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး မေးမြန်း ဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား နှုတ်ဆက်ခဲ့သည်။
