၁၁. ၁. ၂၀၂၆
MT News Editorial
ယနေ့၏ အရုဏ်ဦးသည် ရိုးရိုးသာမန် နေ့သစ်တစ်ခု မဟုတ်ပါ။ ယနေ့သည် ကြောက်ရွံ့လွန်းသဖြင့် အားကိုးရှာလက်နက်ကိုင်သူများကြောင့် မှောင်မိုက်ပြိုလဲခဲ့ရသော နိုင်ငံကို လက်နက်မဲ့ပြည်သူတို့၏ မဲပေးခြင်း သတ္တိဖြင့် ပြန်လည် အလင်းပြမည့် “ပြည်သူ့အောင်ပွဲနေ့” ပင် ဖြစ်သည်ဟု MT News က တင်စား ညွှန်းဆိုလိုပါသည်။
ရွေးကောက်ပွဲ၏ ပထမအဆင့်တွင် တာဝန်ကျေပွန်ခဲ့ကြသည့် ၅၂ ရာခိုင်နှုန်းသော ပြည်သူတို့က ရန်သတ္တရုပြု အဖျက်အမှောင့်သမားများကို ထီမထင်ဘဲ ရဲရဲဝံ့ဝံ့ မဲပေး ထုဆစ်ခဲ့ကြသည်ကို ယခု ဒုတိယအဆင့် မဲပေးသူပြည်သူတို့က တိုင်းပြည်၏ ကံကြမ္မာကောင်းအဖြစ် အဆုံးသတ် ပိုမိုလှပအောင် ထပ်ဆင့် ပုံဖော်ကြတော့မည် ဖြစ်သည်။
မဲရုံသို့ လှမ်းလာနေသည့် သင်၏ခြေလှမ်းတိုင်းသည် ဖိနှိပ်မှုနှင့် စစ်မီးလျှံများကြားမှ လွတ်မြောက်ရာလမ်းကို ရှာဖွေနေသည့် သန်းပေါင်းများစွာသော မိဘပြည်သူများနှင့် အနာဂတ် ရင်သွေးငယ်တိုင်း စစ်မီးဘေးမှ ဝေးကွာရပြီး ငြိမ်းချမ်းတိုးတက်သောနိုင်ငံတော်ကို ပိုင်ဆိုင်လိုသည့် မျှော်လင့်ချက်ကို ထမ်းပိုးထားခြင်းပင် ဖြစ်သည်။ ထို့အတွက် မဲရုံသို့လှမ်းသော သင်၏ ခြေလှမ်းတိုင်းသည် နိုင်ငံအတွက် ဘေးကင်းလုံခြုံမှုကို ဆောင်ကြဉ်းမည့် “ဓမ္မခြေလှမ်း” များပင် ဖြစ်သည်ဟုလည်း MT News က အလေးအမြတ်ပြုအပ်ပါသည်။
မြတ်စွာဘုရားရှင်က “အတ္တာ ဟိ အတ္တနော နာထော” (မိမိကိုယ်သာ ကိုးကွယ်ရာ) ဟု ဟောကြားခဲ့သည်။ ကျွန်ုပ်တို့၏ ကံကြမ္မာကို လက်နက်ရှိမှ ရဲဝံ့ကြသူများ၏ လက်ထဲတွင် အပ်နှံထားခြင်းထက် မိမိကိုယ်တိုင်ကသာ ကိုယ့်နိုင်ငံ၊ ကိုယ့်အနာဂတ်ကို ဖန်တီးယူခြင်းသည် အမြင့်မြတ်ဆုံးသော အလုပ်ဖြစ်သည်။ အမှန်တရားကို မြတ်နိုး၍ ဓမ္မဘက်က ရပ်တည်သူကို အမှန်တရား (ဓမ္မ) က ပြန်လည်စောင့်ရှောက်မည် ဖြစ်သည်။ ထို့ကြောင့် သင်၏ ရဲဝံ့စွာမဲပေးမည့် မှန်ကန်သော ရွေးချယ်မှုက သင့်အတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ အကာအကွယ်အစစ်အမှန် ဖြစ်လာပါလိမ့်မည်။
မဟတ္တမဂန္ဒီကလည်း “အပြည့်အဝ ကြိုးစားအားထုတ်မှုသည် အပြည့်အဝ အောင်နိုင်မှုပင် ဖြစ်သည်” ဟု ဆိုခဲ့သကဲ့သို့ ယနေ့တွင် သင်သည် မဲရုံထဲသို့ လှမ်းဝင်သည့်အခါ မည်သည့် ခြိမ်းခြောက်မှု၊ မည်သည့် အဖျက်အဆီးကမျှ မတားဆီးနိုင်သည့် “လွတ်လပ်သော စိတ်ဝိညာဉ်၏ အရှင်သခင်” အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ သင်သည် မဲစက္ကူပေါ်တွင် ဆန္ဒပြုလိုက်သည့် ခဏ၌ သာမန်အရပ်သားတစ်ဦး မဟုတ်တော့ဘဲ နိုင်ငံ၏ အနာဂတ်ကို ကိုင်တွယ်မည့် “သမိုင်း၏ ဗိသုကာ” ဖြစ်သွားပြီ ဖြစ်သည်။
“မှန်ကန်သောအရာကို လုပ်ဆောင်ရန် အချိန်သည် အမြဲတမ်း မှန်ကန်နေပါသည်” ဟူသော မာတင်လူသာကင်း ဂျူနီယာ၏ စကားအတိုင်း လက်နက်မဲ့သင်သည် ထိုသတ္တိရှိသူများ၏ လမ်းစဉ်ကို လျှောက်လှမ်းနေခြင်းဖြစ်သည်။ စစ်ပွဲများ ရပ်တန့်စေရန်၊ ငြိမ်းချမ်းရေး အစစ်အမှန် ရရှိစေရန်နှင့် တရားမျှတမှု ထွန်းကားစေရန်အတွက် သင်၏ လက်ချောင်းများဖြင့် ငြိမ်းချမ်းရေးကို ထုဆစ်ရပါမည်။ သင်၏ မဲတစ်ပြားသည် ကျည်ဆန်များကို တားဆီးမည့် ဒိုင်းလွှားကျည်ကာဖြစ်ပြီး၊ အမုန်းတရားများကို အောင်နိုင်မည့် အမှန်တရား၏ စွမ်းအားစုဖြစ်သည်။
အို မဲပေးသူ နိုင်ငံ့သားကောင်းများခင်ဗျာ…. စစ်၏ ကျေးကျွန်ဘဝမှလွတ်ရန် သင်တို့၏ အသက်စွန့်မဲပေးမှုကို ခေတ်အဆက်ဆက် ဂုဏ်ယူနိုင်ပါပြီဟု MT News က မော်ကွန်းတင် အလေးအမြတ်ပြုအပ်ပါသည်။ သင်သည် ဤခေတ်၊ ဤသမိုင်း၏ “အမှန်တရား သူရဲကောင်း” ဖြစ်သည်။ သင်၏ သတ္တိရှိသော ရွေးချယ်မှုကြောင့် နောင်တစ်ချိန်တွင် သင်နှင့် ကျွန်ုပ်တို့၏ မျိုးဆက်သစ် ရင်သွေးငယ်များသည် ငြိမ်းချမ်းသော မြန်မာ့မြေပေါ် လွတ်လပ်စွာ အသက်ရှူနိုင်ကြသည့်အခါ “ငါတို့ ဘိုးဘွားတွေရဲ့ အမှန်တရားခြေလှမ်းတွေကြောင့် ငါတို့ ဒီနေ့ ငြိမ်းချမ်းနေတာ” ဟု ဂုဏ်ယူစွာ ပြောကြပါလိမ့်မည်။
- အကြောက်တရားကို အိမ်မှာ ထားရစ်ခဲ့ပါ။ အမှန်တရားနှင့် သတ္တိကို ရင်ဘတ်ထဲ ထည့်ပါ။ ယခုအချိန်ကစ ကျွန်ုပ်တို့အားလုံး ခိုင်မာသော ခြေလှမ်းများဖြင့် မဲရုံသို့သွား၍ မဲပေးခြင်းဖြင့် ငြိမ်းချမ်းရေး လမ်းမသစ်ကို အတူတကွ ထုဆစ် ဖွင့်လှစ်ကြပါစို့ဟု MT News က ထပ်ဆင့်တိုက်တွန်းလိုက်ရပေသည်။
