
၁၀. ၁. ၂၀၂၆
MT News Editorial
ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့မှစ၍ ပဲခူးတိုင်းအတွင်းရှိ မြို့များနှင့် တပ်စခန်းများကို KNU နှင့် PDF အဖွဲ့များက တိုက်ခိုက်ခြင်း၊ အောင်မြင်မြို့ (တောကျွဲအင်း) ကို ခေတ္တထိန်းချုပ်ကာ ဆေးရုံ၊ ရဲစခန်းနှင့် အများပြည်သူပိုင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ ဤလုပ်ရပ်သည် ပထမအကြိမ် ရွေးကောက်ပွဲများ၏ အောင်မြင်မှုရလဒ်ကြောင့် လာမည့်ရွေးကောက်ပွဲများတွင် ပြည်သူများ မဲမပေးနိုင်စေရန် အကြောက်တရားဖြင့် ဖိအားပေးသည့် လုပ်ရပ်သာဖြစ်ကြောင်း ထင်ရှားလှပေသည်။
KNU နှင့် PDF တို့သည် အောင်မြင်မြို့ကို သိမ်းပိုက်အုပ်ချုပ်ရန် မဟုတ်ဘဲ မဲပေးမည့်ပြည်သူများကို အကြောက်တရားဖြင့် ခြောက်လှန့်ရန်အတွက်သာ မြို့သူမြို့သားများ၏ နေအိမ်များနှင့် ပြည်သူ့အကျိုးပြု အခြေခံအဆောက်အအုံများကို ချနင်းဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။ ဤလုပ်ရပ်သည် ၎င်းတို့၏ ရည်မှန်းချက်မှာ တည်ဆောက်ရေးမဟုတ်ဘဲ ဖျက်ဆီးရေးသာဖြစ်ကြောင်း လက်တွေ့ ထပ်မံ သက်သေပြခဲ့ခြင်းပင် ဖြစ်သည်။
အောင်မြင်မြို့နည်းတူ အခြားသော မြို့ ၁၀၀ နီးပါးသည်လည်း NUG၊ PDF နှင့် EAOs တို့လက်ချက်ဖြင့် ယခင်ငါးနှစ်အတွင်း ပျက်သုဉ်းခဲ့ပြီးဖြစ်ရာ ယခုထပ်မံမြင်တွေ့ရသော အောင်မြင်မြို့၏ ပျက်စီးဆုံးရှုံးမှုများသည် ကျွန်ုပ်တို့ပြည်သူအားလုံးအတွက် ကြီးမားသော သင်ခန်းစာတစ်ခု ပေးနေပါသည်။ အကယ်၍သာ ကျွန်ုပ်တို့သည် အဆိုပါအကြမ်းဖက်မှုများကို ကြောက်ရွံ့၍ မနက်ဖြန်ရွေးကောက်ပွဲတွင် မဲထွက်မပေးဘဲ နေခဲ့မည်ဆိုပါက အောင်မြင်မြို့ကဲ့သို့ ပျက်စီးရမည့်မြို့ပေါင်းများစွာ တန်းစီ၍ ထွက်ပေါ်လာပေဦးမည်ဖြစ်သည်။
အကြောက်တရားကို အလျှော့ပေးခြင်းသည် အကြမ်းဖက်သမားများကို အားပေးခြင်းဖြစ်ပြီး စစ်ပွဲသံသရာအတွင်း၌ ကျွန်ုပ်တို့၏အနာဂတ်ကို ဆက်လက်ပိတ်လှောင်ထားရန် ခွင့်ပြုလိုက်ခြင်းပင် ဖြစ်သည်။
ရွေးကောက်ပွဲသည် အကြမ်းဖက်မှုနှင့် ဖျက်ဆီးခြင်းများကို အဆုံးသတ်နိုင်မည့် တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက်ပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ မဲတစ်ပြားသည် တရားဥပဒေစိုးမိုးရေးကို ပြန်လည်တည်ဆောက်ရန်နှင့် နိုင်ငံရေးအရ တရားဝင်မှုရှိသော အစိုးရတစ်ရပ် ပေါ်ထွက်လာစေရန်အတွက် အင်အားအရှိဆုံးသော လက်နက်ဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံတကာနှင့် အကြမ်းဖက်သမားများအား “ကျွန်ုပ်တို့ ပြည်သူများသည် သေနတ်သံများကို မလိုလားဘဲ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုကိုသာ လိုလားသည်” ဟူသော ဆန္ဒကို ပြတ်သားစွာ ပြသရာရောက်ပေသည်။
ပြည်သူလူထုအနေဖြင့် မိမိတို့၏ မြို့ရွာများ အောင်မြင်မြို့ကဲ့သို့ ထပ်မံပျက်စီးခြင်းမှ ကာကွယ်လိုလျှင်၊ မိမိတို့၏ သားသမီးများ စစ်ပွဲဒဏ်မှ ကင်းဝေးလိုလျှင်နှင့် စစ်မှုထမ်းဥပဒေ ရွှေ့ဆိုင်းလိုလျှင် အကြောက်တရားကို ဘေးဖယ်ကာ မဲရုံများသို့ မဖြစ်မနေ သွားရောက်၍ ဆန္ဒမဲပေးကြရန် လိုအပ်ပါသည်။
အကြမ်းဖက်သမားများ လိုလားသည်မှာ ကျွန်ုပ်တို့၏ “ကြောက်ရွံ့မှု” ဖြစ်ပြီး၊ ကျွန်ုပ်တို့ကမူ “ရဲရင့်မှု” ဖြင့်သာ တုံ့ပြန်ရပါမည်။
အချုပ်အားဖြင့်ဆိုသော် အောင်မြင်မြို့၏ မီးလျှံများကြားမှ သင်ခန်းစာယူလျက် မိမိတို့၏အနာဂတ်ကို ဖျက်ဆီးနေသူများအား မဲတစ်ပြားဖြင့် ဆန့်ကျင်ကြရန် MT News က တိုက်တွန်းလိုပါသည်။ မည်သည့်အကြောက်တရားကပင် ခြိမ်းခြောက်နေပါစေ၊ ထွက်၍ မဲပေးခြင်းသည်သာ အနာဂတ်တွင် ယခုကဲ့သို့ အကြမ်းဖက်တို့၏ မြို့ဖျက်၊ ဘဝဖျက်မှုများကို အပြီးတိုင် ရပ်တန့်စေမည့် အဖြေမှန်ဖြစ်ပါကြောင်း MT News က လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
