



၁၀.၁.၂၀၂၆
Written By Min Thet
ဘန်ကောက်မှ မြန်မာနိုင်ငံသို့ ပြန်ရန် လမ်းလျှောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးအား ထိုင်းမင်းသားကြီးဘင် ဘန်လူရစ်ကတွေ့၍ ဘတ် ၅၀၀ ကူညီခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများနှင့် ထိုင်းမင်းသားကြီးဘင်၏ လူမှုကွန်ရက် သတင်းများအရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်နာနယ်မြေ၊ ဥဒုန်စွတ်လမ်းရှိ ဆောက်လုပ်ရေးဆိုတ်တစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး အဆင်မပြေ၍ မြန်မာနိုင်ငံသို့ ပြန်ရန် လမ်းလျှောက်လာရာ ၄ ရက်အကြာ နခွန်ပထုံမြို့အနီး တံတားချည်းကပ်လမ်းတစ်နေရာတွင် မင်းသားကြီးဘင်နှင့် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုယ်ပိုင်ကားဖြင့် မောင်းနှင်လာသည့် မင်းသားကြီးက အဆိုပါ တံတားအနီး ကျောပိုးအိတ်လွယ်ကာ လမ်းလျှောက်လာသူတစ်ဦးကို တွေ့ရှိ၍ လှမ်းခေါ် မေးမြန်းရာမှ ၎င်းမှာ မြန်မာနိုင်ငံသားဖြစ်ပြီး ဘန် ကောက်မြို့မှ နေရပ်ပြန်ရန် လမ်းလျှောက်လာခဲ့ရာ လေးရက်ကြာပြီဖြစ်ကြောင်း ပြန်လည် ပြောပြခဲ့သည်ကို မင်းသားကြီး၏ ရုပ်သံဖိုင်တွင် မြင်တွေ့ရသည်။
လမ်းခရီးတစ်လျှောက်အတွက် ရေသန့်ဘူးများ၊ မားမားခေါက်ဆွဲခြောက်ထုပ်များကို စားသောက်ရန် ယူဆောင်လာခဲ့ကြောင်း၊ ညအချိန် ရောက်သည့်ခါ ကားလမ်းဘေးတွင် အိပ်ကြောင်း မြန်မာနိုင်ငံသားက ရှင်းပြခဲ့ကြောင်းလည်း သိရသည်။
ယင်းဖြစ်စဉ်ကို မင်းသားကြီးက ကြားသိပြီးနောက် မြန်မာနိုင်ငံသားအား လမ်းစရိတ် ဘတ် ၅၀၀ အကူ အညီပေးခဲ့ကြောင်းနှင့် ဘေးအန္တရာယ်ကင်းရှင်စွာ နေရပ်ပြန်ရောက်ပါစေကြောင်း ဆုတောင်းပေးခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။
