


၁၀. ၁. ၂၀၂၆
Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ တောင်ဘက် ရေမိုင် ၁၅၆ မိုင်ခန့် အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအား တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ တောင်ဘက် ရေမိုင် ၁၅၆ မိုင်ခန့် အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လှေတစ်စင်း ရေဝင်နစ်မြုပ်နေကြောင်း ဇောတိကရေနံစင်၏ အထောက်အကူပြု ရေယာဉ်များ၏ သတင်းပေးပို့မှုအရ သိရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၁ စီးနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ် ၁ စီးတို့သည် ဇောတိကရေနံစင်၏ အထောက်အကူပြု ရေယာဉ်များနှင့် ပူးပေါင်းပြီး သွားရောက်၍ ကူညီကယ်ဆယ်ရေးမှုများ ဆောင်ရွက်ခဲ့ရာ အဆိုပါလှေပေါ်၌ လိုက်ပါ လာသူများအနက် ၈၆ ဦးတို့ကို စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရေဝင်နစ်မြုပ်ခဲ့သည့် လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ကောင်းမွန်စွာ စနစ်တကျ စောင့်ရှောက်ထားကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ခံရသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ထွက်ခွာလာဖွယ်ရှိသည့် လှေစီးဒုက္ခသည်ဘင်္ဂလီများဖြစ်ဖွယ်ရှိသည်ဟုလည်း ဒေသတွင်းသတင်းတချို့က ဖော်ပြနေသည်။
