◾️ရွေးကောက်ပွဲ အပိုင်း(၁)တွင် ဆန္ဒမဲပေးမှုများပြားပြီး ပြည်သူများ ဒီမိုကရေစီလမ်းကြောင်းပေါ် ပါဝင်လျှောက်လှမ်းလိုသည့် ဆန္ဒများရှိသည်ကို သိရှိရသဖြင့် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်းပါ ပြောကြား




၈. ၁. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့ တွေ့ဆုံးစဉ် ပြောကြားသည်။
နိုင်ငံတော်အားစတင်တာဝန်ယူချိန်တွင် ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အပိုင်း (၂) နှင့်အပိုင်း(၃)ကိုလည်း ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရွေးကောက်ပွဲအပိုင်း(၁)တွင် ဆန္ဒမဲပေးမှု များပြားပြီး ပြည်သူများအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းလိုသည့် ဆန္ဒများရှိသည်ကိုသိရှိရသဖြင့် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ထို့ကြောင့် ပန်းတောင်းဒေသတွင်လည်း ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဆန္ဒမဲပေးချိန်၌ ရာခိုင်နှုန်းများပြားစွာ ပိုမိုပေးအပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလို ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံတော်နှင့် ဒေသအကျိုးကို ဆောင်ရွက်ပေးနိုင်သည့်သူ၊ အမျိုးဘာသာသနာအကျိုးကို သယ်ပိုးထမ်းရွက်နိုင်မည့်သူ၊ နိုင်ငံတည်ရှိနေသရွေ့ တည်တံ့ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ ဆန္ဒမဲပေးနိုင်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
အလားတူ ဥပဒေပြုရေးလုပ်ငန်းများကို ဆောင်ရွက်မည့်သူများဖြစ်သဖြင့် ဥပဒေကို သိရှိနားလည်ကြသူများလည်း ဖြစ်ရန်လိုကြောင်း၊ အထူးသဖြင့် ပညာတတ်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
